စပိန်အခြေစိုက် Melia Hotels က ပုဂံနှင့် မန္တလေးမြို့များတွင် ဟိုတယ်တည်ဆောက်ရန်လေ့လာ

စပိန်အခြေစိုက် Melia Hotels က ပုဂံနှင့် မန္တလေးမြို့များတွင် ဟိုတယ်တည်ဆောက်ရန်လေ့လာ
Published 23 June 2015
အောင်ရဲကို

စပိန်အခြေစိုက် Melia Hotels International က ပုဂံနှင့်မန္တလေးမြို့များတွင် ဟိုတယ်တည်ဆောက်ရန် လေ့လာနေကြောင်း သိရသည်။နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ဟိုတယ်ဆိုင်ရာ ကွန့်ဖရင့်တွင် Melia Hotels မှ ဒါရိုက်တာအဆင့်ရှိသူတက်ရောက်ခဲ့ပြီး ပုဂံ၊ မန္တလေးတို့တွင် ဟိုတယ်တည်ဆောက်ရန် လေ့လာခဲ့ခြင်းဖြစ်ကြောင်း စပိန်သံရုံးမှ  သံရုံးယာယီတာဝန်ခံက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းအုန်းကျော်နှင့် ပြောကြားချက်များအတွင်း ထည့်သွင်းဖော်ပြခဲ့သည်။Melia Hotels International က မေလတွင် ထုတ်ပြန်ခဲ့မှုတစ်ခုတွင်လည်း ရန်ကုန်မြို့တွင်း ဟိုတယ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။Melia Hotels International ၏ထုတ်ပြန်မှုအရ  ၎င်းတို့အနေဖြင့် အရှေ့တောင်အာရှဈေးကွက်ကို ပိုမိုတိုးမြှင့်ကာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံအတွင်း ဟိုတယ်လုပ်ငန်းများကိုလည်း ၎င်းတို့အနေဖြင့် အာရုံစိုက်ထားကြောင်း သိရသည်။ရန်ကုန်မြို့တွင်းနေရာတစ်ခုဖြစ်သော Inya Lake အနီးတွင် ဟိုတယ်အသစ်တစ်ခုတည်ဆောက်နိုင်ဖွယ်ရှိကြောင်း Melia Hotels International မှထုတ်ပြန်ခဲ့သည်။အခန်းပေါင်း ၂၉ ခန်းပါရှိမည်ဖြစ်ကာ လက်မှတ်ရေးထိုးခန်း၊ Sparoom၊ စားသောက်ခန်းနှင့် ကျယ်ဝန်းသောအစည်းအဝေးခန်းမများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။စက်မှု(၁)လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်တွင် မကြာမီဖွင့်လှစ်မည့် ဒေါ်လာ သန်း ၄၄၀ တန်ကြေးရှိ ကြယ်ငါးပွင့်ဟိုတယ်အတွက် ဗီယက်နမ်အခြေစိုက် Hoang Anh Gia Lai  Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International တို့ ပူးပေါင်းမှုကို ပြုလုပ်ထားပြီးဖြစ်သည်။ယင်းပူးပေါင်းမှုမှာ Melia Hotels International မှ စီမံခန့်ခွဲမှုအပိုင်းကို အဓိကဦးစီးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။အရှေ့တောင်အာရှဒေသတွင်းဖြစ်သော ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် Melia Hotels International မှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းတို့သတင်းထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။Melia Hotels International မှ နိုင်ငံပေါင်း ၃၀ ကျော်တွင် ဟိုတယ်တည်ဆောက်မှုများနှင့် ဟိုတယ်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် လုပ်ဆောင်နေကာ ဟိုတယ် ၃၅၁ လုံးနှင့် ချိတ်ဆက်လုပ်ကိုင်နေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်အလုံးရေမှာ ၄၇ လုံးအထိရှိပြီး  ဒေါ်လာ ၂ ဒသမ ၇  ဘီလျံအထိရှိကြောင်း ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်က ပြောကြားထားသည်။Melia Hotels International မှ ရင်းနှီးမြှုပ်နှံမှုဖြစ်ပေါ်လာပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည့် ၂၀၁၅ ခုနှစ်အကုန်တွင် ဟိုတယ်ကဏ္ဍရင်းနှီးမြှုပ်နှံမှု ဒေါ်လာသုံးဘီလျံနှင့်အထက်ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent