မင်းကိုနိုင်ဆုနှင့် ဟံသာဝတီဦးဝင်းတင်ဆုရ ကျွဲကျောင်းသားလေးဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာမိုင်းအိုက်နွေ (တအာန်းချစ်သူ) နှင့် တွေ့ဆုံခြင်း

မင်းကိုနိုင်ဆုနှင့် ဟံသာဝတီဦးဝင်းတင်ဆုရ ကျွဲကျောင်းသားလေးဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာမိုင်းအိုက်နွေ (တအာန်းချစ်သူ) နှင့် တွေ့ဆုံခြင်း
Published 23 June 2015
လင်းလင်းခိုင်

တတိယအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါရုပ်ရှင်ပွဲတော်တွင် ပြည်တွင်းမှပေးပို့ယှဉ်ပြိုင်ခဲ့သည့် ဇာတ်ကားများအနက် မင်းကိုနိုင်ဆုနှင့် ဟံသာဝတီဦးဝင်းတင်ဆုများ ရရှိခဲ့သည့် ကျွဲကျောင်းသားလေးဇာတ်ကား၏ ဖန်တီးသူ ဒါရိုက်တာမိုင်းအိုက်နွေ(တအာန်းချစ်သူ)နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ တအာန်းဒေသရှိ မူးယစ်ဆေးသုံးစွဲမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုပြဿနာများအကြောင်းကို ပုံဖော်ထားမှုနှင့် ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ရာ...
 
 
မင်းကိုနိုင်ဆုနှင့် ဟံသာဝတီဦးဝင်းတင်ဆုရ ကျွဲကျောင်းသားလေးဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာမိုင်းအိုက်နွေ (တအာန်းချစ်သူ) နှင့် တွေ့ဆုံခြင်း
 
 
မေး- Filmmaking နဲ့ပတ်သက်လို့ ဘယ်လိုစတင်လေ့လာဖြစ်ခဲ့တာလဲ။
 
ဖြေ- နယ်မှာ မင်္ဂလာဆောင်တွေ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တဲ့သူဆီမှာ ပထမဆုံး စပြီးလေ့လာဖြစ်ခဲ့တာပါ။ အဲဒီကနေမှ ဆရာမင်းထင်ကိုကိုကြီးတို့ လူ့ဂုဏ်သိက္ခာသိပ္ပံကျောင်းက သင်တန်းသားတွေခေါ်တော့ လျှောက်ဖြစ်တယ်။ အဲဒီသင်တန်းမှာ ရွေးချယ်ခံရပြီးတော့ မှတ်တမ်းဇာတ်ကားဖန်တီးမှုနဲ့ ပတ်သက်လို့ လေ့လာသင်ယူဖြစ်ခဲ့တယ်။ မနှစ်ကသင်တန်းဆင်းတွေ ဇာတ်ကားပူးပေါင်းဖန်တီးရာမှာ Traveller ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ကျွဲကျောင်းသားလေးဇာတ်ကားလေးကို ဖန်တီးဖြစ်ခဲ့တာပါ။
 
မေး- ကျွဲကျောင်းသားလေးဇာတ်ကားရဲ့ အကြောင်းအရာကိုရော ဘယ်လိုစိတ်ကူးရခဲ့တာလဲ။ 
 
ဖြေ- ဒီအဖြစ်အပျက်က တကယ့်အဖြစ်အပျက်ပါ။ ကျွန်တော့်အဒေါ်က တွေ့ခဲ့တာကြာပါပြီ။ ဇာတ်ကားထဲမှာပါသလို ထမင်းအိုးကို  မှောက်ချလိုက်သလိုမျိုး အဖြစ်အပျက်ကို တွေ့ကြုံခဲ့ရတာပါ။ ပြီးတော့ ဒီအဖြစ်အပျက်ကိုကြားသိရတဲ့အချိန်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စရပ်နှစ်ခုကို ကျွန်တော် သတိပြုမိပါတယ်။ မူးယစ်ဆေးဝါးသုံးတဲ့ ယောကျ်ားရဲ့ မကောင်းတဲ့အကျိုးဆက်က အမျိုးသမီးဆီသွားပြီး ထိခိုက်ခံစားခဲ့ရတာရယ်၊ ကလေးငယ်ဆီမှာလည်း ကလေးအခွင့်အရေး ချိုးဖောက်ခံရတာရယ်ကို သတိပြုမိပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကို ရိုက်ကူးဖြစ်သွားတာပါ။
 
မေး- ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေကိုရော ဘယ်လိုရွေးချယ်ခဲ့တာလဲ။
 
ဖြေ- ကျွန်တော့်ဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့သူတွေကို ရှာဖွေခဲ့ရတာပါ။ မူးယစ်ဆေးသုံးစွဲသူအဖြစ် သရုပ်ဆောင်တဲ့သူက ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးတိုက်ဖျက်ရေး တစ်နိုင်တစ်ပိုင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းမှာ ပါဝင်နေတဲ့ သူတစ်ယောက်ပါ။ ဒါကြောင့်သူ့ကို ရွေးချယ်လိုက်တာပါ။ အမျိုးသမီးကတော့ ဒေသခံထဲက တစ်ယောက်ကို ရွေးချယ်ပါတယ်။ ကလေးကတော့ ကျွန်တော်ပထမအကြိမ်ရိုက်ခဲ့တဲ့ မှတ်တမ်းဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ကလေးပါ။ ဒါကြောင့် သူ့ကိုပဲ ရွေးချယ်လိုက်တာပါ။
 
မေး- ဇာတ်ကားရိုက်ကူးချိန်မှာ ကြုံတွေ့ရတဲ့အဓိက အခက်အခဲက ဘာတွေဖြစ်မလဲ။
 
ဖြေ- လူ့အခွင့်အရေးဆိုတာက ဒီဘက်နှစ်ပိုင်းကျမှ ကျယ်ကျယ်လောင်လောင် ကြားလာရတာပါ။ ကျွန်တော်တို့ တအာန်းဒေသမှာတော့ ဒီလိုအကြောင်းအရာကို နားမလည်ကြပါဘူး။ သူတို့သိထားတဲ့ အတိုင်းအတာနဲ့ အရမ်းကွာဝေးလွန်းပါသေးတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ ကလေးအမေအဖြစ် သရုပ်ဆောင်တဲ့ အမျိုးသမီးဆိုရင် တချို့အခန်းတွေ သရုပ်ဆောင်ပြီးခါမှ သူ့ရည်းစားက တားပါတယ်။ ဒါက နိုင်ငံရေးဇာတ်ကားဖြစ်တယ်၊ ဒီလိုဇာတ်ကားရိုက်ရင် အန္တရာယ်ရှိနိုင်တယ်လို့ သူတို့ကထင်ကြပါတယ်။ 
ကျွန်တော်ရှင်းပြပေမယ့် ဒီအမျိုးသမီးက ဘယ်လိုမှ ဆက်ရိုက်လို့မရတော့ပါဘူး။ အဲဒီအချိန်ကပဲ ခြောက်လလောက် ကြာသွားပါတယ်။ ကျွန်တော့်အတွက် တော်တော်ခက်ခဲပါတယ်။ ရိုက်လက်စဖြစ်နေတာကြောင့် သူနဲ့ပဲဆက်ရိုက်မှဖြစ်မှာပါ။ ဒါကြောင့် ကျွန်တော်သူနဲ့ရိုက်လို့ရအောင် မကြာခဏ သွားရှင်းပြပါတယ်။ ဒီဇာတ်ကားက လူ့အခွင့်အရေးကို ပုံဖော်တဲ့ဇာတ်ကားဖြစ်တယ်၊ ဘယ်လိုအန္တရာယ်မျိုးမှမရှိနိုင်ဘူးဆိုတာကို သူ နားလည်အောင် မနည်းရှင်းပြတော့မှ ဆက်ရိုက်ခွင့်ရသွားပါတယ်။ အဲဒါက အကြီးဆုံးအခက်အခဲပါပဲ။ 
 
မေး- ဇာတ်ကားက ဇာတ်လမ်းတိုအဖြစ် ရိုက်တာဆိုတော့ အချိန်တိုအတွင်းမှာ ပရိသတ်ကိုပေးချင်တဲ့ Message ဝင်အောင်လုပ်ရတာ အခက်အခဲရှိလား။
 
ဖြေ- အဲဒါကတော့ နည်းနည်းခက်ခဲပါတယ်။ ရိုက်ထားတာလည်း နည်းနည်းများတော့ ကိုယ်လိုချင်တဲ့ ပေးချင်တဲ့အကြောင်းအရာထဲမှာ ဘောင်ဝင်အောင်Edit လုပ်ရတာ တော်တော်လေးခက်ခဲခဲ့ပါတယ်။ သင်တန်းက သူငယ်ချင်းတွေကလည်း ကူညီပေးခဲ့ပါတယ်။
 
မေး- ဒီဇာတ်ကားက ဆုနှစ်ဆုရခဲ့တော့ ခံစားချက်လေး ပြောပါဦး။
 
ဖြေ- ဒီဇာတ်ကားကို စရိုက်ခဲ့ကတည်းက ဆုရဖို့ဆိုတဲ့ မျှော်မှန်းချက်မျိုး ရည်ရွယ်ချက်မျိုးတွေ မရှိပါဘူး။ ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးဝါးကင်းစင်စေချင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုယ်တတ်နိုင်သလောက်ကို ပါဝင်ကူညီဖြစ်ပါတယ်။ 
မူးယစ်ဆေး သုံးတဲ့သူတွေကို ရဲလက်အပ်တာမျိုးလုပ်သလို ဒဏ်ငွေတပ်တာမျိုး၊ ရွာကပဲ အပြစ်ပေးတာမျိုးတွေ လုပ်ပါတယ်။ အခုဒီ ဆုရတယ်ဆိုတော့ ထွေထွေထူးထူးဝမ်းသာမျိုးတော့ သိပ်အများကြီးမရှိပါဘူး။ အဓိကတော့ ကိုယ့်ဒေသကလူတွေကို ဒီအကြောင်းအရာတွေက လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်။
 
မေး- ဒီဇာတ်ကားကို နိုင်ငံတကာကိုရော ပေးပို့ဖို့ စိတ်ကူးရှိလား။
 
ဖြေ- ဆရာမင်းထင်တို့နဲ့ ချိတ်ဆက်ပြီးတော့မှ တိုင်ပင်ရမှာပါ။ ကျွန်တော်ကလည်း နယ်မှာနေတာဆိုတော့ သိပ်နားမလည်ပါဘူး။ ဆရာမင်းထင်တို့နဲ့ တိုင်ပင်ပြီး အခွင့်သင့်ရင်တော့ ပို့ဖြစ်မှာပါ။
 
မေး- နောက်ထပ် ထပ်ရိုက်ဖို့ စိတ်ကူးထားတာရှိလား။
 
ဖြေ- တကယ်တော့ ကျွန်တော်က မှတ်တမ်းဇာတ်ကားရိုက်ရတာကို ကြိုက်တာပါ။ ဒီနှစ်မှာ ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးဖြစ်တာက Project မရှိလို့ပါ။ တကယ်လို့သာ ဒီဇာတ်လမ်းကို မှတ်တမ်းဇာတ်ကားအဖြစ် ရိုက်ရမယ်ဆိုရင် ဒေသခံအမျိုးသမီးတွေနဲ့ အင်တာဗျူးတွေ၊ မူးယစ်ဆေး တိုက်ဖျက်မှုလုပ်ကိုင်နေတဲ့သူတွေရဲ့ အင်တာဗျူးတွေဖော်ပြနိုင်မှာဆိုတော့ အခုထက်ပိုပြီး ထိရောက်မှုပိုရှိမှာပါ။                                               

Most Read

Most Recent