စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာကို ခေါ်ယူလိုပါက ရာမို့စ်ကို ပြန်လည်ခေါ်ယူခွင့်ပြုရန် ရီးယဲလ်အသင်းအား မန်ယူ တောင်းဆို

စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာကို ခေါ်ယူလိုပါက ရာမို့စ်ကို ပြန်လည်ခေါ်ယူခွင့်ပြုရန် ရီးယဲလ်အသင်းအား မန်ယူ တောင်းဆို
Published 23 June 2015

ရီးယဲလ်အသင်းအနေဖြင့် မိမိအသင်း မှ စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာကို ခေါ်ယူလိုပါက နောက်ခံလူ ရာမို့စ်ကို ပြန်လည်ခေါ်ယူခွင့်ပြုရန်  မန်ယူအသင်းက တောင်းဆိုထားကြောင်း ဗြိတိန်ထုတ် The Guardian နှင့် Daily Mail သတင်းစာတို့က ဖော်ပြခဲ့ကြသည်။
 
ရီးယဲလ်အသင်းသည် ယခုနွေရာသီကာလအတွင်း ဒီဂီယာကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေပြီး ယူရို ၁၈ သန်းဖြင့် ကမ်းလှမ်းခဲ့ရာ မန်ယူအသင်းက ပယ်ချခဲ့သည်။ ထို့ကြောင့် ရီးယဲလ်အသင်း တာဝန်ရှိသူများသည် မန်ယူအသင်းနှင့် ဆွေးနွေးမှုပြုလုပ်ရန်အတွက် ဗြိတိန်သို့ သွားရောက်ခဲ့ပြီး ပြောင်းရွှေ့ကြေး သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။ ထို့ကြောင့် မန်ယူအသင်းကလည်း စပိန်လက်ရွေးစင်နောက်ခံလူ ရာမို့စ်ကို ပြန်လည်ခေါ်ယူခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရီးယဲလ်အသင်း ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ရာမို့စ်၏ စာချုပ်သက်တမ်းမှာ ၂၀၁၇ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမှာ ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။
 

 
ရီးယဲလ်နှင့် သက်တမ်းတိုးရန် ကြန့်ကြာနေသည့် ရာမို့စ်
 

၎င်း၏ စာချုပ်လျော်ကြေးမှာ ယူရို သန်း ၁၈၀ အထိ ရှိသော်လည်း ရာမို့စ်ကိုယ်တိုင်က ရီးယဲလ်အသင်းနှင့် သက်တမ်းတိုးရန် စဉ်းစားနေခြင်းဖြစ်သည်။ ရာမို့စ်သည် ယခုရာသီကုန်၌ နည်းပြ အန်ဆယ်လော့တီ ထုတ်ပယ်ခံရသဖြင့် မပျော်မရွှင်ဖြစ်နေသလို လစာကိုလည်း လက်ရှိနှုန်းထားထက် ပိုမိုတိုးမြှင့်ရရှိလိုနေကြောင်း သိရသည်။ မန်ယူဂိုးသမား ဒီဂီယာ မှာလည်း အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ထားကြောင်း သိရသည်။ မက်ဒရစ်မြို့၌ မွေးဖွားခဲ့သူ ဒီဂီယာသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လိုနေပြီး လာမည့်ရာသီမတိုင်မီ အသင်းမှ ထွက်ခွာလိုသည်ဟု အသင်းဖော်များကို ရင်ဖွင့်ခဲ့ကြောင်းလည်း သိရသည်။
 
ရီးယဲလ်အသင်းသည် မန်ယူမှ ဒေးဗစ်ဘက်ခမ်၊ စီရော်နယ်လ်ဒိုတို့ကို ခေါ်ယူခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent