ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် လေးနိုင်ငံအတွင်း ထိုင်းဘတ်ငွေ နှစ်သန်းအထိ ယူဆောင်ခွင့်ပြုရေးနှင့် ACMECS Single VISA အစီအစဉ် အပါအဝင် အခြေခံအချက် ခြောက်ချက်ပါ ကြေညာစာတမ်းအား (၆) ကြိမ်မြောက် ACMECS ထိပ်သီးဆွေးနွေးပွဲ အကြိုအဖြစ် ထုတ်ပြန်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် လေးနိုင်ငံအတွင်း ထိုင်းဘတ်ငွေ နှစ်သန်းအထိ ယူဆောင်ခွင့်ပြုရေးနှင့် ACMECS Single VISA အစီအစဉ် အပါအဝင် အခြေခံအချက် ခြောက်ချက်ပါ ကြေညာစာတမ်းအား (၆) ကြိမ်မြောက် ACMECS ထိပ်သီးဆွေးနွေးပွဲ အကြိုအဖြစ် ထုတ်ပြန်
Published 22 June 2015
အငယ်ထွေး၊ နီလာ

အာဆီယံနိုင်ငံများထဲမှ CLMV နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများအတွင်း ထိုင်းဘတ်ငွေ နှစ်သန်းအထိ ယူဆောင်ခွင့်ပြုရေးနှင့် ACMECS Single VISA အပါအဝင် အခြေခံအချက် ခြောက်ချက် ပါဝင်သည့် ကြေညာစာတမ်းအား ဇွန် ၂၂  ရက် နေပြည်တော်ရှိ Kempinski Hotel တွင် ကျင်းပသည့် (၆)ကြိမ်မြောက် ACMECS Business Forum တွင် ACMECS ထိပ်သီးဆွေးနွေးပွဲ၏ အကြိုအဖြစ် ထုတ်ပြန်လိုက်သည်။အဆိုပါ ထုတ်ပြန်ချက်တွင် အချက်ခြောက်ချက်အား ဦးစားပေးကဏ္ဍ အနေဖြင့် ဖော်ပြထားပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ခရီးသွားကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍခြောက်ရပ်အား ဦးစားပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။“CLMV လေးနိုင်ငံထဲမှာ ထိုင်းဘတ်ကို နှစ်သန်းအထိ လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့်ပြုမယ့် ကိစ္စမှာ အဓိက,ကတော့ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းတွေမှာ အဆင်ပြေအောင် လုပ်ပေးတဲ့ အစီအစဉ်ပါ။ ဥပမာ - ထိုင်းကလူက ဗမာဘက်ကိုလာရင်သော်လည်းကောင်း၊ ကမ္ဘောဒီးယားကို သွားရင်သော်လည်းကောင်း၊ ထိုင်းငွေနှစ်သန်းကို လွတ်လွတ်လပ်လပ် ယူသွားလို့ရတယ်။ ဒါကို ထိုင်းဘက်က ခွင့်ပြုထားပြီး ကျွန်တော်တို့က လုပ်မယ်ဆိုရင်လည်း လုပ်လို့ရတယ်။ ဥပမာ - မြန်မာနိုင်ငံအနေနဲ့ပြောရင် နယ်စပ်မှာ ဗမာငွေနဲ့ ဝယ်လို့ရအောင် လုပ်ပေးမယ့် အစီအစဉ် ရှိတယ်။ အဲဒါ အဓိက,ကတော့ ကုန်သည်တွေအပေါ်မှာ မူတည်တယ်။ အခု ထိုင်းက ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ စထားပြီ။ မြန်မာနဲ့က သီးသန့်စကားပြောရမယ်။ အခုလောလောဆယ် လုပ်နေပေမယ့် များသောအားဖြင့် Informal ဖြစ်နေတယ်။ အခု လာအိုနဲ့ ကမ္ဘောဒီးယားကျတော့ မြို့ထဲမှာရှိတဲ့ ဘဏ်တွေမှာ သူတို့ငွေကို ဘတ်ငွေနဲ့ သွားလဲလို့ရတယ်။ ကျွန်တော်တို့နဲ့ ညှိပြီးလို့ရှိရင် ကျပ်နဲ့ ဘတ်နဲ့ကို သွားလဲလို့ရပြီ” ဟု UMFCCI မှ အထွေထွေအတွင်းရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။ယင်းအစီအစဉ်အား ထိုင်းဘက်မှ ဖွင့်ထားပေးသော်လည်း မြန်မာဘက်မှ ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေသေးကြောင်း သိရသည်။ထို့အတူ ACMECS နိုင်ငံများအတွင်း single entry VISA ကျင့်သုံးရေးနှင့် ပတ်သက်၍မူ “ACMECS နိုင်ငံတွေအတွင်းမှာ နိုင်ငံထဲကလူတွေက သုံးဖို့အတွက် မဟုတ်ပါဘူး။ ဒီငါးနိုင်ငံကို ဝင်လာမယ့် နိုင်ငံခြားသားတွေကို ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဥပမာ - နိုင်ငံခြားသားတစ်ယောက်က မြန်မာပြည်အတွက် ဗီဇာယူလာလို့ရှိရင် ကျန်တဲ့ လေးနိုင်ငံကိုပါ ဗီဇာယူမလာဘဲ သွားလို့ရအောင် လုပ်ထားတဲ့ အစီအစဉ်ပါ။ အဓိက,ကတော့ ခရီးသွားကဏ္ဍ မြှင့်တင်ဖို့အတွက် လုပ်တာပါ။ အခုလောလောဆယ် ဒါတွေညှိနှိုင်းနေတာပါ။ ငါးနိုင်ငံညှိနှိုင်းလို့ အတည်ပြုပြီးသွားရင် ဖြစ်လာမှာပါ။ ၁၈ ရက်က ထုတ်ပြန်တဲ့ Joint Statement အထဲမှာတော့ ဦးစားပေးကဏ္ဍ ခြောက်ခုကို ထုတ်ပြန်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။အဆိုပါ ထုတ်ပြန်ချက်အား ဇွန် ၂၂ ရက်တွင် ကျင်းပသည့် ACMECS Business Forum တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ACMECS Business Forum သည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာဖြစ်ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲတွင် သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ နိုင်ငံအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားသာချက်များ၊ အထူးစီးပွားရေးဇုန်များ စသည့်အကြောင်းအရာများအား အသီးသီး တင်ပြသွားခဲ့ကြောင်းနှင့် ယနေ့ထုတ်ပြန်လိုက်သည့် အဆိုပါကြေညာစာတမ်း (Statement) မှာ ဇွန် ၂၃ ရက်တွင် ကျင်းပမည့် ACMECS ထိပ်သီးဆွေးနွေးပွဲ အကြိုအဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent