ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု အဓိကပြုလုပ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၆၁၀ ကျော် လျော့ကျ

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု အဓိကပြုလုပ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၆၁၀ ကျော် လျော့ကျ
Published 21 June 2015

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုအဓိက ပြုလုပ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ  ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၆၁၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။
ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ပြည်ပကုန်သွယ်မှုကို အဓိကလုပ်ဆောင်နေပြီး နယ်စပ်ကုန်သွယ်ရေးမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကို အဓိကထား ဆောင်ရွက်ကြောင်း သိရသည်။
လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၂ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး ယင်းပမာဏတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ သုံးဘီလျံကျော်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာတစ်ဘီလျံကျော် ပါဝင်ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၆၁၀ ကျော် လျော့ကျခဲ့ပြီး ပို့ကုန်နှင့် သွင်းကုန်နှစ်မျိုးစလုံးမှ ကုန်သွယ်မှုလျော့ကျ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နယ်စပ် ကုန်သွယ်ရေးမှာမူ ယခင်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှု ပိုမိုဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။
ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှင့် နယ်စပ်စခန်းများမှ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent