အိန္ဒိယဘက်မှ အဝယ်အေးခြင်း၊ ဒေါ်လာဈေးငြိမ်သွားခြင်းတို့ကြောင့် ဇွန်လပထမပတ်က မတ်ပဲတစ်တန် ၁၄ သိန်းကျော် ရှိရာမှ လက်ရှိတွင် ပြန်လည်ကျဆင်း

အိန္ဒိယဘက်မှ အဝယ်အေးခြင်း၊ ဒေါ်လာဈေးငြိမ်သွားခြင်းတို့ကြောင့် ဇွန်လပထမပတ်က မတ်ပဲတစ်တန် ၁၄ သိန်းကျော် ရှိရာမှ လက်ရှိတွင် ပြန်လည်ကျဆင်း
Published 21 June 2015
နီလာ

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မတ်ပဲဈေး ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းသွားကြောင်း၊ ယင်းကဲ့သို့ဈေးကျဆင်းရခြင်းသည် အိန္ဒိယဘက်မှအဝယ်အေးခြင်း၊ ဒေါ်လာဈေးတည်ငြိမ်သွားခြင်းတို့ကြောင့် ဇွန်လ ဆန်းပိုင်းက မတ်ပဲတစ်တန်ကျပ် ၁၄ သိန်း ကျော်မှ ဇွန်ဒုတိယပတ်တွင် ၁၄ သိန်းအောက် သို့ကျဆင်းသွားကြောင်း ဘုရင့်နောင်ကုန် စည်ဒိုင်မှ သိရသည်။
 
"အခုချိန်မှာ အိန္ဒိယဘက်က အဝယ်နည်းနည်းအေးပါတယ်။ အဝယ်ပြန်အေးတော့ ဈေးကအပေါ်ပြန်မတက်ဘူး။ ကျ လည်း မသွားဘူး။ ငြိမ်နေတယ်။ ဒါတောင် ပြီးခဲ့တဲ့ရက်တွေက မတ်ပဲက ၁၄ သိန်း ကျော် သွားသေးတယ်။ ၁၄ သိန်းကျော်သွားပြီးမှ အိန္ဒိယဘက်ကအဝယ်အေးတာရော ငွေဈေး ပြန်တည်ငြိမ်သွားတာရောကြောင့် လက်ရှိမှာ မတ်ပဲဈေးက ကျသွားပါတယ်"ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
ဇွန် ၁၆ ရက်တွင်ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၀၅  ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ကျပ် ၁၂၁၀  ဝန်းကျင်၊ ဝယ်ဈေး ၁၂၀၂ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း၊ ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၂၀၈ ကျပ် ဝန်းကျင်တွင်ရှိနေကြောင်း ပြင်ပဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။
 
ဇွန် ၁၆ ရက်က မတ်ပဲ(FAQ)တစ်တန် လျှင် ကျပ် ၁၃၅၂၀၀၀၊ မတ်ပဲ (SQ)တစ်တန် လျှင် ကျပ် ၁၃၉၂၀၀၀ ၊ ပဲစင်းငုံနီ(RC)တစ် တန်လျှင် ကျပ် ၁၃၀၀၀၀၀ ဈေး၊ ဇွန် ၁၁ ရက်က မတ်ပဲ(FAQ) တစ်တန်လျှင် ကျပ် ၁၃၆၃၀၀၀ ၊ မတ်ပဲ(SQ) တစ်တန်လျှင် ကျပ်  ၁၄၀၂၀၀၀ ၊ ပဲစင်းငုံနီ(RC)တစ် တန်လျှင် ကျပ် ၁၃၅၀၀၀၀ ဈေးရှိခဲ့ကြောင်း၊  ဇွန် ၅ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၃၆၄၀၀၀ ၊ SQ တစ်တန်လျှင် ကျပ် ၁၄၀၄၀၀၀ နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ရရှိသော စာရင်းများအရ သိရသည်။
 
ပြည်တွင်းပဲဈေးကွက်အတွင်း ပဲဈေး အတက်အကျရှိနေချိန်၌ ပဲလောကအတွင်း ငွေကြေးအရှုပ်အရှင်းများ ထပ်မံမပေါ်ပေါက်စေရန်အတွက် တစ်လအတွင်း ကြိုရောင်းကြိုဝယ်ကိစ္စများအတွက် ၁၀ရာခိုင် နှုန်း deposit တင်ကာ အရောင်းအဝယ် ပြု လုပ်လျက်ရှိကြောင်း သိရသည်။
 
"ပဲဈေးတက်တဲ့အချိန်မှာ ငွေကြေးအရှုပ်အရှင်းမပေါ်ပေါက်စေဖို့အတွက် မနှစ်က နှစ်ကုန်ပိုင်းကတည်းက ကြိုရောင်းကြိုဝယ်လုပ်တဲ့အချိန်မှာ ၁၀ ရာခိုင်နှုန်း deposit လုပ်ဖို့။ လေရောင်းလေဝယ်မလုပ်ဖို့ အစောကြီးကတည်းက သတိပေးပြီးသား ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကြီးကြီးမားမား ပြဿနာတစ်စုံတစ်ရာ မရှိပါဘူး။ တစ်လအတွင်းကြိုရောင်းကြိုဝယ်လုပ်မယ်ဆိုရင် ၁၀ ရာခိုင်နှုန်း deposit တင်ရပါမယ်။ ပုံမှန် အရောင်းအဝယ်အတွက်ကတော့ ငွေလက်ငင်းရှင်းစနစ်ပါ။   တစ်လထက်ပိုတဲ့ကြိုရောင်း ကြိုဝယ်ကိစ္စတွေကိုတော့ ခွင့်မပြုပါဘူး"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent