၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်ပွဲစဉ်ကို ပါဝင်ယှဉ်ပြိုင်လျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၁၆ ရက် ညနေပိုင်းက တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး (၂-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံ ရာဇမင်္ဂလာကွင်းတွင် ယှဉ်ပြိုင်ကစားသည့် ယင်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းသည် ဂိုး-ဗန်လားဟရွယ်၊ နောက်ခံလူများအဖြစ် -အောင်ဇော်၊ ဇော်မင်းထွန်း၊ဝင်းမင်းထွဋ်၊ခင်မောင်လွင်၊ ကွင်းလယ်လူများအဖြစ် ရန်အောင်ကျော်၊ဒေးဗစ်ထန်း၊ဆောင်လမန်၊နန္ဒလင်းကျော်ချစ်၊ကျော်ဇေယျာဝင်းနှင့် တိုက်စစ်မှူးအဖြစ် ကျော်ကိုကိုတို့ကို ပွဲထွက် အသုံးပြုခဲ့ပြီး ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပွဲစဉ်တွင် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရပြီး တောင်ကိုရီးယားအသင်းအတွက် ပွဲချိန် (၃၅)မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် Lee Jae-Sung က သွင်းယူခဲ့ပြီး ဒုတိယသွင်းဂိုးကို ပွဲချိန် (၆၇) မိနစ်တွင် Heung-Min Son က ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းကာ သွင်းယူပေးခဲ့သည်။မြန်မာ့လက်ရွေးစင်အသင်းအတွက် ပွဲချိန် ၄၆ မိနစ်တွင် မင်းမင်းသူ၊(၆၀)မိနစ်တွင် ဟိန်းဇာအောင်နှင့် (၆၆)မိနစ်တွင် ဟိန်းဇာအောင်တို့ လူစားဝင်ကစားခဲ့သည်။မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် စက်တင်ဘာ ၃ ရက်တွင် တတိယမြောက်ပွဲစဉ် အဖြစ် ကူဝိတ်အသင်းကို အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမအဖွင့်ပွဲတွင် လာအိုအသင်းကို (၂-၂ )ဂိုးဖြင့် သရေကျပြီး ရမှတ် တစ်မှတ်ရရှိထားသည်။