(၂၈)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဟာ အခုဂျာနယ်ထွက်တဲ့နေ့ဆိုရင် နောက်ဆုံးရက် ဖြစ်နေပါပြီ။ မြန်မာအားကစားအဖွဲ့တွေ မျှော်မှန်းသလောက် မအောင်မြင်ခဲ့ပေမယ့် မြန်မာ ယူ-၂၃ဘောလုံးအသင်းက (၈)နှစ်ကြာ ဝေးကွာနေတဲ့ ဗိုလ်လုပွဲကို ရောက်ရှိခဲ့လို့ မြန်မာပရိသတ်တွေရဲ့စိတ်ထဲမှာ ကျေနပ်နေမယ်ဆိုတာ မှန်းလို့ရပါတယ်။
ရွှေဆုနှင့် လွဲချော်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လှေလှော်အသင်း
အားလုံးရဲ့အမေ့ခံအသင်းက ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ ပြည်ပနည်းပြတွေကိုသာ အားကိုးနေရတဲ့ မြန်မာဘောလုံးလောကအတွက် အရည်အချင်းရှိတဲ့ ပြည်တွင်းနည်းပြတွေ ရှိသေးတယ်ဆိုတာ ဦးကြည်လွင်က သက်သေပြခဲ့ပါတယ်။ ဇွန်(၁၃)ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ ဗီယက်နမ်တို့ရဲ့ ဆီမီးပွဲမှာတော့ မြန်မာပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုတွေ အမြင့်ဆုံးရောက်နေမယ်ဆိုတာ ပြောစရာမလိုလောက်အောင် သိနိုင်ပါတယ်။ စင်ကာပူနိုင်ငံမှာရောက်နေတဲ့ မြန်မာပရိသတ်တွေကတော့ လက်မှတ်စရောင်းတဲ့ ဇွန်(၁၁)ရက်ကတည်းက ပွက်လောရိုက်ခဲ့ပါတယ်။ တချို့ကတော့ လက်မှတ်ဝယ်မရလို့၊ တချို့ကတော့ မှောင်ခိုဈေးနဲ့မိလို့ အစုံပါပဲ။ မြန်မာအသင်းကို အားပေးချင်တဲ့စိတ်ကို ကိုယ်ကျိုးရှာချင်တဲ့သူတွေက အသုံးချတဲ့သဘောပါပဲ။ မှောင်ခိုဈေးကွက်က ရန်ကုန်မှာလောက်အထိတော့ အားမကောင်းပါဘူး။ မြန်မာအသင်းက ဗီယက်နမ်ပွဲမှာ ခြေမသာခဲ့ပါဘူး။ ဒါပေမဲ့ ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စင်ကာပူက မြန်မာပရိသတ်တွေ ပျော်မဆုံးဖြစ်နေကြသလို၊ မြန်မာနိုင်ငံက ပရိသတ်တွေ ဘယ်လောက်ပျော်နေကြမလဲဆိုတာ ခံစားလို့ ရနိုင်ပါတယ်။ ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေတဲ့သူတစ်ယောက်အတွက် ဒီလိုခံစားမှုမျိုးဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဗီယက်နမ်ကိုအနိုင်ရပြီးတော့ မြန်မာကစားသမားတွေ အောင်ပွဲခံကြတယ်။ ပရိသတ်တွေနဲ့ အတူ ငိုကြွေးကြတယ်။ ၂၀၁၃တုန်းက ရှုံးလို့ ကျခဲ့ရတဲ့ မျက်ရည်ဟာ အခုတော့ ဗိုလ်လုပွဲတက်လို့ ကျခဲ့ရတဲ့ မျက်ရည်ဖြစ်ခဲ့ပါပြီ။ ထိုင်း နဲ့ ကစားရတဲ့ ဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ပေါ်ပါစေ။ မြန်မာယူ-၂၃အသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ်က အမြင့်ဆုံးမှာရှိခဲ့တာကိုတော့ အသိအမှတ်ပြုရမှာပါ။ အောင်မြင်မှုထက် ကျဆုံးမှုတွေများခဲ့တဲ့ မြန်မာအားကစားအဖွဲ့ကတော့ ဇွန်(၁၀)ရက် ကနေ (၁၄) ရက်အထိ (၅)ရက်စလုံး ရွှေမရခဲ့ပါဘူး။ ဇွန် (၆)ရက်ကနေ (၉)ရက်အထိ (၄) ရက်မှာ ရွှေ(၁၁)ခုအထိ ရယူနိုင်ခဲ့တာက မြန်မာအားကစားအဖွဲ့အတွက် နောက်ဆုံးဖြစ်ခဲ့ပါတယ်။ မြန်မာအားကစားအဖွဲ့အတွက် ဘိလိယက်အားကစားနည်းက ရွှေဆုရယူပြီးနောက်ပိုင်း မြန်မာအားကစားအဖွဲ့ဟာ ဇွန် (၁၄)ရက်အထိ ရွှေလုံး၀ ထပ်မရတော့ပါဘူး။ ၂၀၁၃ပြိုင်ပွဲတုန်းက ရွှေဆုတွေရခဲ့တဲ့ မြားပစ်၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရွက်လှေ၊ ပီတန်းအားကစားနည်းတွေ လက်လွှတ်ခဲ့ရတာကတော့ နှမြောဖို့ကောင်းပါတယ်။ ကိုယ့်နိုင်ငံမှာလုပ်တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက အောင်မြင်မှုတွေရခဲ့ပေမယ့် တခြားနိုင်ငံမှာလည်းလုပ်ရော ရွှေ(၇၀)ခုလောက်အထိ လျော့ကျသွားတာက အံ့အားသင့်စရာ ကောင်းပါတယ်။
တဖြည်းဖြည်းကျဆင်းလာတဲ့ မြန်မာအားကစားလောကကို အချိန်မီပြောင်းလဲဖို့ လိုလာပါပြီ။ တခြားနိုင်ငံတွေက အရမ်းကို တိုးတက်လာတယ်။ ကစားသမားတွေ အများကြီးထဲက ရွေးခွင့်ရှိတယ်။ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲတွေ အများကြီးပြိုင်တယ်။ ကျွန်တော်တို့မှာ ဒါမျိုးမလုပ်နိုင်ဘူး။ ကစားသမား ရှားတယ်၊ ပြိုင်ပွဲတွေ မရှိဘူး။ ရှိတဲ့ကစားသမားတွေကိုပဲ မနည်းစည်းရုံးပြီး ပြိုင်ခိုင်းနေရတယ်။ ဒီစကားတွေကိုပဲ အားကစားအဖွဲ့အများစုဆီက ကြားခဲ့ရပါတယ်။ ရှုံးနိမ့်မှုအတွက် လက်ညှိုးထိုးတာမဟုတ်ပေမယ့် ဒါက မြန်မာအားကစားလောကမှာ အမှန်တကယ် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ မြန်မာအားကစားလောကအတွက် ရင်လေးမိတာ အမှန်ပါပဲ။ အခုလို အခြေအနေအတိုင်းဆိုရင် မြန်မာအားကစားမှာ အားကောင်းတာ မရှိတော့ပါဘူး။
ကကွက်ပြိုင်ပွဲ၌ ရွှေဆုနှင့် လွဲချော်ခဲ့သည့် တိုက်ကွမ်ဒိုကစားသမားများ
ပြောင်းလဲချိန်တန်ပါပြီ။ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်လုပ်တဲ့ စင်ကာပူနိုင်ငံရဲ့ အားကစားအတွက် ဆောင်ရွက်မှုက အားရစရာကောင်းပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲလုပ်နေရင်းတောင် အားကစားပြိုင်ပွဲလေးတွေ ရှိပါတယ်။ ကလေးတွေ ကစားဖို့နေရာတွေ ရှိပါတယ်။ နိုင်ငံကျဉ်းလို့ တိုးတက်မှုမြန်တယ်လို့ ပြောနိုင်ပေမယ့် တကယ်တိုးတက်ချင်စိတ် မရှိဘူး။ ပြည်သူတွေကို မကောင်းစားစေချင်ဘူးဆိုရင် စင်ကာပူနိုင်ငံဟာ လက်တစ်ဆုပ်စာပဲ ချမ်းသာနေမှာပါ။ စင်ကာပူနိုင်ငံသားတွေဟာ စီးပွားရေးအဆင်ပြေတဲ့အတွက် ဝါသနာပါရာကို သီးသန့်ဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံတိုးတက်တယ်ဆိုတာကလည်း ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်အပြင် စည်းကမ်းကောင်းမွန်တာလည်း အဓိကကျပါတယ်။ စင်ကာပူနိုင်ငံမှာ နိုင်ငံတွင်းလမ်းပေါ်မှာ တာဝန်ယူထားတဲ့ ရဲတွေ၊ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေ သိပ်မရှိပါဘူး။ ဒါပေမဲ့ သူတို့နိုင်ငံက လုံခြုံပါတယ်။ ဘာကြောင့်လဲဆိုတော့ မှန်ကန်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ရှိပါတယ်။ ကားတိုက်တိုင်း ကားသမားကို အရေးမယူပါဘူး။ လမ်းကူးတဲ့ သူမှားရင် လမ်းကူးတဲ့သူကို အရေးယူပါတယ်။ ကျွန်တော်တို့ဆီမှာလို ဘာကြောင့်ဖြစ်ဖြစ် ကားသမားအမှားလို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် နေရာတိုင်းမှာ သူ့စည်းကမ်းနဲ့သူဖြစ်လာတာပါ။ ပြီးတော့ စင်ကာပူနိုင်ငံမှာက ရဲထက် လုံခြုံရေးအတွက် CCTV ကို အားကိုးပါတယ်။ ရထားဘူတာရုံဝင်ပေါက်တစ်ခုကိုပဲ CCTV တပ်ထားတဲ့ က ခုနစ်ခုလောက် ရှိပါတယ်။ လမ်းတိုင်း၊ နေရာတိုင်းမှာ CCTV တွေရှိပါတယ်။ ဒုစရိုက်မှုကျူးလွန်သူအနေနဲ့ လွတ်ဖို့ သိပ်မလွယ်ပါဘူး။ စင်ကာပူနိုင်ငံရဲ့ ဈေးနှုန်းတွေဟာ မြန်မာငွေကြေးနဲ့တွက်ရင်တော့ တော်တော်ဈေးကြီးပါတယ်။ ရေသန့်ဘူး အသေးတစ်ဘူး ဝယ်သောက်ဖို့ကို မြန်မာငွေ(၈၀၀)လောက်ရှိဖို့ လိုပါတယ်။ Taxi ကလည်း အချိန်နဲ့လိုက်ပြီး ဈေးနူန်းအပြောင်းအလဲရှိပါတယ်။ သူတို့ သတ်မှတ်ထားတဲ့အချိန်ဆိုရင် (၂၅)ရာခိုင်နှုန်းကနေ (၅၀)ရာခိုင်နှုန်းလောက်အထိ ပိုပေးရတတ်ပါတယ်။ ရထားတွေ၊ လိုင်းကားတွေရောက်တဲ့နေရာတွေက ပြဿနာမ ရှိပေမယ့် ကနူးကယက်နဲ့ အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲကျင်းပတဲ့နေရာဆိုရင် ဘာမှမရောက်တဲ့အတွက် Taxi ကိုပဲ အားကိုးရတာပါပဲ။ မြန်မာအားကစားအဖွဲ့တွေ ယှဉ်ပြိုင်မှု မှတ်တမ်းတွေကို ဖော်ပြပေးချင်တဲ့ဆန္ဒတစ်ခုနဲ့ပဲ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။
မြန်မာ ယူ-၂၃ အသင်းအား ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့သည့် နည်းပြဦးကြည်လွင်
ပြိုင်ပွဲနောက်ဆုံးရက်မှာတော့ မြန်မာအားကစားအဖွဲ့အနေနဲ့ ရွှေရနိုင်စရာ မရှိတော့ပါဘူး။ ဇွန်(၁၅)ရက် ပွဲစဉ်တွေမှာ ပိုက်ကျော်ခြင်းအသင်းက ရွှေထပ်ရခဲ့ရင်တော့ ရွှေရရှိမှုပြောင်းလဲနိုင်ပါတယ်။ စင်ကာပူဆီးဂိမ်းစ်ကတော့ မြန်မာအားကစားအဖွဲ့မျှော်မှန်းသလို မဖြစ်ခဲ့ပါဘူး။ မြန်မာအားကစားအဖွဲ့ရဲ့ အနာဂတ်အတွက် ရင်လေးမိရင်း စင်ကာပူမြေကို နှုတ်ဆက်ရတော့မှာပါ။
ဆက်လက်ဖော်ပြပါမည်။