မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ် ဦးကြည်လွင်က ကစားသမားဘဝက ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည့် ၁၉၉၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှ ရှုံးကြွေးကို ယခုဗိုလ်လုပွဲတွင် ပြန်ဆပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဦးကြည်လွင်က “ကစားသမားဘဝတုန်းက ထိုင်းအသင်းနဲ့ ၁၉၉၃ ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တယ်။ ထိုင်းကို အရှုံးပေးခဲ့ရတယ်။ အခုပြန်တွေ့ဆုံရာမှာတော့ အဲဒီရှုံးကြွေးကို ပြန်ဆပ်သွားမှာပါ။ အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ မြန်မာအသင်းသည် ၁၉၉၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို (၄-၃)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းအသင်းတွင် ဦးကြည်လွင်နှင့် ဦးသန်းတိုးအောင်တို့သည် ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဦးကြည်လွင်သည် ထိုင်းအသင်းဘက်သို့ တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်း နှင့် ကစားရမည့် ထိုင်းအသင်းသည် ယခုပြိုင်ပွဲတွင် ခြောက်ပွဲစလုံး အနိုင်ရရှိထားသည့်အသင်းဖြစ်ပြီး သွင်းဂိုး ၂၁ ဂိုး သွင်းယူထားနိုင်ပြီး ပေးဂိုးမှာလည်း တစ်ဂိုးသာရှိကြောင်း သိရသည်။ မြန်မာအသင်းမှာလည်း ယခုဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးဘဲ နာမည်ကြီးအသင်းအချို့ကို ကျော်ဖြတ်လာနိုင်ခြင်းဖြစ်သည်။









