ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ-၂၃ အသင်းမှ အုပ်ချုပ်/နည်းပြများနှင့် ကစားသမားအချို့၏ စကားသံများ

ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ-၂၃ အသင်းမှ အုပ်ချုပ်/နည်းပြများနှင့် ကစားသမားအချို့၏ စကားသံများ
Published 15 June 2015

■ ဦးသန်းတိုးအောင် (အုပ်ချုပ်သူ)
 
“ကျွန်တော်တို့အသင်းရဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာဖို့ တစ်ပွဲပဲ လိုပါတော့တယ်။ ကစားသမားတွေရဲ့ ကြိုးစားမှုတွေကြောင့် အသင်းအနေနဲ့ ဗိုလ်လုပွဲရောက်လာတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ထိုင်းအသင်းမှ မဟုတ်ပါဘူး။ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ မကြောက်ပါဘူး။ အကောင်းဆုံးယှဉ်ပြိုင်ပြီး အနိုင်ရအောင် ကြိုးပမ်းသွားမှာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မရယူနိုင်တာကြာပြီဖြစ်တဲ့ ရွှေဆုကို ရယူနိုင်အောင် ကြိုးပမ်းမှာပါ။”
 

 
■ ဦးကြည်လွင် (နည်းပြချုပ်)
 
“ ဗိုလ်လုပွဲမှာတွေ့မယ့် ထိုင်းအသင်းဟာ  အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေ အများကြီးပါပါတယ်။ ဒါပေမဲ့ ဒါတွေက အသင်းကို ဒုက္ခမပေးနိုင်ပါဘူး။ အသင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မယ်။  ပြိုင်ဘက်အသင်းနဲ့ပတ်သက်ပြီး ဝေဖန်လေ့မရှိသလို အားနည်း၊ အားသာချက်ကိုလည်း ထုတ်ပြောမှာ မဟုတ်ပါဘူး။ ထိုင်းကို ဘယ်လိုကစားရမလဲဆိုတာ ပြင်ဆင်ပြီးပါပြီ။”
 

 
■ စည်သူအောင် (တောင်ပံကစားသမား)
 
“အားလုံးလိုချင်နေတဲ့ ရွှေဆုကို ကျွန်တော်တို့လည်း လိုချင်ပါတယ်။ ဒါကြောင့် အစွမ်းကုန်ကြိုးပမ်းပြီး ယှဉ်ပြိုင်မှာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ဗိုလ်မစွဲတာကြာပါပြီ။ ဒီနှစ်မှာတော့ အခွင့်အရေးပြန်ရလာပါပြီ။ တစ်ဦးချင်းဆုထက် အသင်းလိုက် ရွှေဆုကို ပိုပြီး မျှော်လင့်ပါတယ်။”
 

 
■ နေလင်းထွန်း (အသင်းခေါင်းဆောင်)
 
“ဆီးဂိမ်းစ် ရွှေဆုအတွက် နောက်ဆုံးမိနစ်အထိ ယှဉ်ပြိုင်မှာပါ။ အသင်းသားအားလုံးလည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ အားသာချက်က တစ်ဦးချင်းထက် အသင်းလိုက်ကစားပုံနဲ့ စိတ်ဓာတ်ပါ။ ထိုင်းအသင်းဟာ အာဆီယံရဲ့ ထိပ်သီးအသင်း တစ်သင်းဖြစ်ပေမယ့် သူတို့ထက် ကိုယ့်အသင်းကြောင်းပဲ စိတ်ဝင်စားပါတယ်။”
 

 
■ ရဲကိုဦး (ကွင်းလယ်ကစားသမား)
 
“ မြန်မာပရိသတ်တွေထဲက ကွင်းထဲမှာရော၊ မြန်မာနိုင်ငံက ပရိသတ်တွေက တီဗွီကနေ အားပေးနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အားပေးမှုကို ကျေးဇူးဆပ်နိုင်ဖို့အတွက် ဒီရွှေဆုကို ရယူပေးချင်ပါတယ်။ ဗိုလ်လုပွဲဆိုတာက ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ခက်ခဲတတ်ပါတယ်။ နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီ ရှိပါတယ်။”
 

 
■ ရှိုင်းသူရ (တိုက်စစ်မှူး)
 
“ခက်ခဲတဲ့ ပွဲစဉ်တွေကို တစ်ပွဲပြီးတစ်ပွဲ ကျော်ဖြတ်ခဲ့ရပေမယ့် အခုနောက်ဆုံးအဆင့် ရောက်လာပါပြီ။ အခုတစ်ပွဲပဲ ကျန်ပါတော့တယ်။ အစွမ်းကုန်ကြိုးပမ်းမှာပါ။ ထိုင်းအသင်းက အကောင်းဆုံးအသင်းလို့ ဆိုနေကြပေမယ့် သူတို့မှာလည်း အားနည်းချက်တွေရှိမှာပါ။ အသင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုး စားမှာပါ။”