ပြည်သူ့ဂုဏ်ရည်ဆုရရှိခဲ့သူ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း

ပြည်သူ့ဂုဏ်ရည်ဆုရရှိခဲ့သူ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း
Published 15 June 2015
သက်မင်း၊ ဉာဏ်ဝင်းရှိန်

အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူများကို ပြည်ပရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ ရွေးချယ်ပေးအပ်ချီးမြှင့်သည့် ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဗကသများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ရရှိခဲ့သည်။ လက်ရှိတွင် မဖြိုးဖြိုးအောင် အပါအဝင် ဗကသကျောင်းသားများသည် ပညာရေးပြုပြင်ပြောင်းလဲမှုကို တောင်းဆိုခဲ့သည့်အတွက် သာယာဝတီအကျဉ်းထောင်၌ လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရသည်။ မဖြိုးဖြိုးအောင်အား ဇွန် ၉ ရက် ရုံးထုတ်စဉ်က တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ပါသည်။
 
 
ပြည်သူ့ဂုဏ်ရည်ဆုရရှိခဲ့သူ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း
 
 
 
မေး ။ မဖြိုးဖြိုးအောင်အနေနဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့တယ်။ အဲဒီအပေါ်မှာ အစ်မရဲ့ ခံယူချက်နဲ့ သဘောထားကို သိချင်ပါတယ်။
 
ဖြေ ။ အဲဒီသတင်းကို ကျွန်မကြားရတဲ့အခါမှာ အဲဒီအပေါ်မှာ ကျွန်မ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒီဆုကိုရအောင် ဝိုင်းပြီး ကြိုးစားထားပေးကြတဲ့ အမေရိကရောက် မြန်မာအင်အားစုတွေကို ကျေးဇူးတင်ပါတယ်။ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာအင်အားစုတွေဟာ ကျွန်မတို့ တိုင်းပြည်အတွင်းမှာရှိနေတဲ့ ဒီမိုကရေစီအရေးအတွက် ဘယ်တော့မှ မမေ့ပျောက်ပါဘူး။ ဒါကိုကျွန်မတို့ အများကြီးတွေ့ခဲ့ရပါတယ်။ 
လက်ရှိအနေအထားမှာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် အဓိကအရေးကြီးတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ပညာရေးသပိတ်ကို ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေက ဝိုင်းဝန်းကြိုးစားကြတာကို အမေရိကရောက်နေတဲ့ မြန်မာတွေနဲ့ တိုင်းရင်းသားတွေက ပြည်သူ့ ဂုဏ်ရည်ဆုပေးအပ်တာကို ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့က ဒီဆုကို  ဗကသများအဖွဲ့ချုပ်ကိုရော ဒီမိုကရေစီသပိတ်တစ်ခုလုံးကိုရော ပေးအပ်တယ်လို့ပဲ ခံယူပါတယ်။ ဒီအတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ်။ ဆက်ပြီးတော့ ကျွန်မတို့ ဒီမိုကရေစီပညာရေးအတွက် ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။
 
 
မေး ။ ဒီမိုကရေစီပညာရေးသပိတ် စတင်တဲ့အချိန်ကစပြီး ဖြိုခွင်းခံရတဲ့အထိ ပြည်တွင်းက ကျောင်းသားလူငယ်တွေနဲ့ နိုင်ငံတကာက ကျောင်းသားတွေကပါ အားပေးထောက်ခံခဲ့တယ်။ နောက်ပြီးတော့ သပိတ်ဖြို ခွင်းခံရပြီး ဖမ်းဆီးခံထားရတဲ့အချိန်မှာပါ ပြန်လွှတ်ပေးဖို့ကို သူတို့အနေနဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ကျောင်းသားအများစုက ထောင်ထဲမှာ ဆက်ရှိနေပြီးတော့ အမှုရင်ဆိုင်နေရတယ်။ အစိုးရအပေါ် အစ်မအနေနဲ့ ဘယ်လိုမြင်သလဲဆိုတာ သိချင်ပါတယ်။
 
ဖြေ ။ ကျွန်မတို့ရဲ့ ဒီမိုကရေစီသပိတ်က ကျောင်းသားတွေရော ဝန်းရံပြည်သူတွေရော ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေရော နိုင်ငံတကာက ကျောင်းသားတွေရောပါ ကျွန်မတို့ကို လွှတ်ပေးဖို့အတွက် အကြမ်းမဖက်ဘဲ တောင်းဆိုတာတွေရော၊ လှုပ်ရှားတာတွေကိုပါ ကျွန်မတို့သတင်းတွေကနေ ကြားသိရပါတယ်။အဲဒီအတွက် ကျွန်မတို့က ကျေးဇူးလည်း တင်ပါတယ်။ အခုချိန်ထိတော့ ကျွန်မတို့ ဖမ်းဆီးထိန်းသိမ်းခံထားရတုန်းပါပဲ။ ဒါက အစိုးရတစ်ရပ်အနေနဲ့ ကျွန်မတို့ရဲ့ တိုင်း ပြည်ပြုပြင်ပြောင်းလဲရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပေးကြတဲ့ ကျောင်းသားတွေရဲ့စေတနာအပေါ် ပြန်ပြီးတုံ့ပြန်တာကို တွေ့ရမှာပါ။ ကျွန်မတို့ကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ အစိုးရရဲ့ တုံ့ပြန်မှုပါပဲ။ ဒီအတွက်အစိုးရအနေနဲ့ တကယ်ပဲ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲချင်တာလားဆိုတာကို မေးခွန်းထုတ်ဖို့ မလိုတော့ပါဘူး။ အခုလုပ်ရပ်က သက်သေပြနေပါတယ်။
 
မေး ။ နောက်တစ်ခုက အခုလွှတ်တော်မှာ ပြင်ဆင်နေတဲ့ အမျိုးသားပညာရေး ဥပဒေအပေါ်မှာရော ဗကသများအဖွဲ့ချုပ်အနေနဲ့ ဘယ်အချက်တွေကို ကြိုက်တယ်။ မကြိုက်ဘူးဆိုတာ သိချင်ပါတယ်။
 
ဖြေ ။ လက်ရှိလွှတ်တော်မှာ ပြင်နေတာကိုတော့ သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးအခြေအနေအထိတော့ ကျွန်မ မဖတ်ရသေးပါဘူး။ အမျိုးသားလွှတ် တော်ကပြင်ထားတဲ့ တချို့အချက်တွေနဲ့ ပြည်သူ့လွှတ်တော်က ပြင်ထားတဲ့တချို့အချက်တွေကိုပဲ ရထားတာရှိပါတယ်။ အဲဒီအချက်အလက်တွေအရဆိုရင်တော့ အဓိကအရေးကြီးတာဖြစ်တဲ့ ကျောင်းသားသမဂ္ဂကိစ္စပေါ့။ အဲဒီကျောင်းသားသမဂ္ဂဆိုတဲ့ အသုံးအနှုန်းပေါ်ကို အခုချိန်အထိတော်တော်များများက ငြင်းဆန်နေတာကို တွေ့ရပါတယ်။ ကျောင်းသားသမဂ္ဂရဲ့အရေးကြီးမှု၊ ကျောင်းသားသမဂ္ဂရဲ့ သမိုင်းဆိုင်ရာအရေးပါမှု၊ နောက်တစ်ခုက ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားထုအားလုံးရဲ့ ကျောင်းသား အခွင့်အရေးအတွက် အရေးကြီးတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ပညာရေးကိစ္စတွေရော၊ အခြားခြားသော ကျောင်းသားအရေးကိစ္စတွေမှာပါ အရေးကြီးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သမိုင်းဆိုင်ရာရော အခုလက်ရှိ အခြေအနေအထိရော အရေးပါတဲ့ ကျောင်းသားသမဂ္ဂဆိုတာက မေ့ဖျောက်ထားနေတဲ့သူတွေ အခုလွှတ်တော်ထဲမှာ အများကြီးရှိနေတာကို ကျွန်မတို့ တွေ့လိုက်ရပါ တယ်။  ကျောင်းသားသမဂ္ဂဆိုတာကို မေ့ဖျောက်ထားဖို့ ကြိုးစားနေတာ အမျိုးသားပညာရေးဥပဒေမှာ ပါနေတာပေါ့။ နောက် ဒုတိယအချက်က ကျောင်းအလိုက်အုပ်ချုပ်ခွင့်ရဖို့ တောင်းဆိုထားတာပေါ့။ ကျောင်းအလိုက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ၊ ဆရာကိုယ်စားလှယ်တွေ၊ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါမယ်၊ ကျောင်းအုပ်ကြီးပါမယ့် ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွေ ရှိသင့်တယ်။ ဒါကလည်း အရင်တုန်းက ရှိခဲ့ဖူးပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်အုပ်ချုပ်တာ မဟုတ်ဘဲ အလယ်တန်းအဆင့်ရော အထက်တန်းအဆင့်ရော ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ဖို့ ကိစ္စကို အခုချိန်ထိလည်း ငြင်းဆန်နေတာကို တွေ့ရတယ်။ ကျောင်းအလိုက်ကို စီမံခန့်ခွဲမှု ပေးရတယ်ဆိုတဲ့ အကြောင်းရင်းမှာ ဘာသာစကားသုံးမျိုးကိစ္စ၊ မိခင်ဘာသာအခြေပြု သင်ကြားရေးကို ကျောင်းအလိုက် ဆုံးဖြတ်ပိုင်ခွင့်ပေးထားမှသာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့  အခုချိန်အထိကို ငြင်းဆန်နေတာက မိခင်ဘာသာစကား သင်ကြားရေးအပါအဝင် ဘာသာစကားသုံးမျိုးကိစ္စကိုပါ ဆက်ပြီး ငြင်းဆန်နေတာကို တွေ့ရမှာဖြစ်တယ်။ နောက်တစ်ခုက ဗဟိုချုပ်ကိုင်မှုကို ကြီးမားစေတဲ့ အမျိုးသားပညာရေးကော်မရှင်ကို အခုချိန်မှာ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဆိုပြီးတော့ ထပ်ပြီးတွေ့ရပါတယ်။ အဲဒီအချက်တွေကလည်း ဗဟိုချုပ်ကိုင်မှုကို ဆက်လက်ပြီး ထိန်းထားဦးမယ်ဆိုတဲ့သဘောကို သက်ရောက်စေပါတယ်။
 
မေး ။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ကျောင်းသားတွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေကို အကျဉ်းထောင်တွေထဲ ထည့်ထားတာတွေ့ရပါတယ်။ လာမယ့် ရွေးကောက်ပွဲအပေါ် အစ်မအမြင်လေး ပြောပြပေးပါ။
 
ဖြေ ။ ၂၀၁၅ ရွေးကောက်ပွဲကတော့ အခုချိန်မှာ သတင်းစာတွေထဲမှာ တွေ့နေရတာရှိပါတယ်။ မဲစာရင်းမှာ သေပြီးသားလူနာမည်တွေ ပါလာတာတို့၊ မပါတဲ့နာမည်တွေ ရှိနေတာတို့ကို ကျွန်မတို့ သတင်းစာတွေ ဂျာနယ်တွေကနေတစ်ဆင့် သိရပါတယ်။ မဲ မသမာမှုတွေက စတင်တွေ့နေရပါပြီ။ အဲဒီအပေါ်မှာတော့ ကျွန်မအနေနဲ့ အများကြီး မသုံးသပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအနေနဲ့ကလည်း အများကြီး မမျှော်လင့်ထားလို့ ဖြစ်ပါတယ်။
 
မေး ။ အခုနောက်ဆုံးမေးခွန်းအနေနဲ့ပေါ့ အပြင်မှာရှိနေတဲ့ ကျောင်းသားတွေကို ဘာများပြောကြားလိုပါ သလဲ။
 
ဖြေ ။ ဟုတ်ကဲ့ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် ပညာရေးက အင်မတန်အရေး ပါပါတယ်။ ကျွန်မပြောနေကျအတိုင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးအတွက် အခုလက်ရှိ အကျဉ်းကျနေတဲ့ကျောင်းသားတွေရော၊ အပြင်မှာရှိတဲ့ ကျောင်းသားတွေရော၊ ပြည်သူတွေကပါ ဆက်ပြီး ကြိုးစားသွားကြ ဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်မတို့ တိုင်းပြည်ပြောင်းလဲရေးအတွက် အဓိကအချက်လည်း ဖြစ်ပါတယ်။
 
 

Most Read

Most Recent