ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားအရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်သဘောထားများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်သတင်းဌာန The Mainichi နှင့် တွေ့ဆုံဖြေကြား

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားအရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်သဘောထားများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်သတင်းဌာန The Mainichi နှင့် တွေ့ဆုံဖြေကြား
Published 12 June 2015

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားအရေး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်သဘောထားများ၊  ကိုးကန့်တိုက်ပွဲများကိစ္စ၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပါအဝင်၊ IS စစ်သွေးကြွများ ကိစ္စတို့နှင့် ပတ်သက်၍ ဂျပန်သတင်းဌာန တစ်ခုဖြစ်သည့် The Mainichi မှ အာရှအထွေထွေဗျူရို အရာရှိချုပ် Mr.Takayuki Kasuga က တွေ့ဆုံမေးမြန်းရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ သည် ပြင်ရန်မသင့်သေးသည့် အချိန်ဟု ပြောကြားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရန် တပ်မတော်အနေဖြင့် လုံးဝမပြင်ရဆိုသည့် အယူအဆ မရှိကြောင်း၊ အခြေအနေပေါ်မူတည် လုပ်ရမည်ဖြစ်ကြောင်း၊ ပြင်သင့်ပြင်ထိုက်သည်များကို ပြင်ဆင်ရန် တပ်မတော်အနေဖြင့်    လွှတ်တော်သို့ တင်ပြထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖြေကြားသည်။
“လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရပ်ရပ်ကို လက်ရှိပကတိ အခြေအနေထိဖြစ်အောင် တပ်မတော်က လုပ်လာခဲ့တဲ့အတွက် ဒီလိုအခြေအနေကို ယိမ်းယိုင်သွားဖို့ ဆိုတာကိုတော့ တပ်မတော်အနေနဲ့ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ ကျွန်တော်တို့က လက်ရှိတည်ငြိမ်နေတဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေတယ်။ နောက်အချုပ်အခြာ အာဏာရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်လုပ်နေတယ်။ ဒီလိုအခြေအနေမျိုးရောက်အောင် တပ်မတော်က လုပ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ဒီအခြေအနေမျိုး ထိခိုက်တာကိုတော့ ကျွန်တော်တို့တွေဟာ ဘယ်လိုမှ အရောက်မခံ နိုင်ပါဘူး။ ဒါလည်းကျွန်တော်တို့အတွက် အင်မတန်မှ သတိကြီးစွာထားပြီး ဆောင်ရွက်ရမဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ခုနက ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ကတော့ ပုဒ်မ ၄၃၆ (က) အခန်း(၁၂)မှာ ပါပြီးဖြစ်ပါတယ်။ စောစောက ပြောတဲ့အခြေအနေပေါ် မူတည်ပြီးတော့မှ တိုင်းပြည်တစ်ခုရဲ့ အခြေအနေ မယိမ်းယိုင်အောင်ဆိုတာ ကျွန်တော်တို့ကပြန်ပြီး ထိန်းရတာ ဖြစ်တဲ့အတွက်ကြောင့် အခြေအနေ အရပ်ရပ်တွေ အားလုံးကောင်းလာတဲ့အခါ မှာ ဒီပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုတာက အဓိကမဟုတ်တော့ဘူး ဆိုတာ အဲဒီအချိန်ကျရင် သဘောပေါက်လာပါ လိမ့်မယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါသည်။
ထို့ပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ တပ်မတာ်နှင့် တိုက်ခိုက်မှုများပြန်လည် လုပ်ဆောင်လာခြင်းသည် တရုတ်အကျိုးစီးပွား တစ်မျိုးမျိုးနှင့်ပတ်သက်ခြင်း ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒီ MNDAA အဖွဲ့တွေရဲ့ စားနပ်ရိက္ခာတွေ၊ နောက်လက်နက်ခဲယမ်း မီးကျောက်တွေရရှိမှုပေါ့။ နောက်အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာတွေ၊ နောက်တစ်ခါတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ လူတွေကို ကုသပေးတဲ့ အခြေအနေကို ကြည့်လိုက်ရင် ထင်စရာရှိပေမယ့် လက်ဆုပ်လက်ကိုင် ကျွန်တော်တို့ ဘာမှပြလို့ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ဒါကတော့ မြင်ရတဲ့အခြေအနေ၊ နောက်တရုတ်အစိုးရ အနေနဲ့လည်း တိုက်ရိုက်တော့ ကူညီပေးတဲ့ အနေအထားမျိုး မရှိဘူး။ ဒါပေမယ့် အောက်ခြေမှာတော့ တူညီတဲ့ လူမျိုးစုတွေဆီက ထိုက်သင့်တဲ့ အထောက်အပံ့ အကူအညီတွေတော့ သူတို့ရကောင်း ရနိုင်တာပေါ့။ Government နဲ့လည်း မဆိုင်လောက်ဘူးလို့ ကျွန်တော်တို့ ထင်တယ်။ သူတို့ပုန်းလျှိုးကွယ်လျှိုးတော့ လုပ်ရင်လုပ်မှာပေါ့။ ဒါပြောလို့တော့ မရဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်လောက်တဲ့ အထောက်အထားတော့ မရှိပါဘူး။ ဒါ့ကြောင့်နည်းနည်း ပြောဖို့ခက်ပါတယ်။ ဒါကတော့ တရုတ်အစိုးရနဲ့ ဘယ်လိုမှ မပတ်သက်ဘူး ဆိုတာ ကျွန်တော်တို့ ပြောလို့ရပါတယ်” ဟုပြောကြားသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုအဟန့်အတား ဖြစ်နိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းများအား လုပ်ဆောင်ရန်လိုအပ်ပြီး ငြိမ်းချမ်းရေးလိုချင်သည့် အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းများအားနှင့် ပတ်သက်၍ လေးစားမှုရှိသည်ကို တွေ့ရကြောင်း၊ တပ်မတာ်၏ ငြိမ်းချမ်းရေးမူ(၆)ချက်ကို အတိအကျလုပ်ရန် ပြောကြားခြင်း မဟုတ်ဘဲ အလေးထားရန်သာ ဖြစ်ကြောင်း၊ တပ်မတော်၏မူ (၆) ချက်အပေါ် ငြိမ်းချမ်းရေးလိုချင် အဖွဲ့များက အလေးထား ဆောင်ရွက်သည်ကို တွေ့ရပြီး ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
“လော်ခီးလာဆွေးနွေးပွဲလုပ်တဲ့ အခါကျတော့ တချို့လည်း ဒီအပေါ်မှာ ခုနကပြော တဲ့ NCA နဲ့ ပတ်သက်ပြီးတော့ နည်းနည်းစောဒကတက်တဲ့ အသံတွေလည်း ကျွန်တော်တို့ ပြန်ကြားပါတယ်။ ကျွန်တော်တို့လည်း စောင့်ကြည့်နေတဲ့ အနေအထားလေးတွေရှိ တယ်။ တချို့တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ သူတို့ရယူထားတဲ့ အာဏာတွေ အခွင့်အရေးတွေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အာဏာတွေ ဒါတွေသူတို့က စွန့်လွှတ်ဖို့နည်းနည်းလေး ဝန်လေးပုံလည်းရတယ်။ ဒါကြောင့် ဒီအပေါ်မှာ သူတို့က ရသလောက်တောင်းဆိုမှုတွေ လုပ်နေတယ်။ သူတို့တရားမဝင် ရရှိထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုလာမယ်ဆိုရင် ကျွန်တော် တို့အနေနဲ့ ဘယ်လိုမှ လိုက်လျောပေးလို့လည်း မရဘူး။ ဒါတွေက ကျွန်တော်တို့ဖြေရှင်းရမယ့် ကိစ္စရပ်တွေလို့ ပြောချင်တယ်” ဟု ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပတ်သက်၍ တရုတ်နိုင်ငံ တစ်ခုတည်းအပေါ်မှီခိုပြီး လုပ်နေသည့် အနေအထားမျိုး မရှိကြောင်း၊ ယခုဆိုလျှင် အခြားနိုင်ငံများနှင့် ထိတွေ့မှု ပိုမိုများလာသည့်အတွက် မိတ်ဆွေနိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မိမိတို့အပေါ် စိတ်ကောင်း စေတနာကောင်းရှိသည့် မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အမြဲတမ်းတံခါးဖွင့်ထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်သဘောထားနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်နဲ့ ပြောရမယ်ဆိုရင် ခက်ပါတယ်။ လူတစ်ယောက်ကို ကျွန်တော်အမြင်နဲ့ပြောဖို့ ခက်ပါတယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တဲ့အတွက်ကြောင့် လူသိများတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် သူ့မှာဥပဒေနှင့်အညီ ပေးထားတဲ့ အခွင့်အရေးတွေလဲရပြီး ဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံအပေါ် မူတည်ပြီး တိုင်းပြည်အပေါ်မှာ ဆောင်ရွက်နိုင်တာတွေ၊ ပေးဆပ်နိုင်တာတွေဆောင် ရွက်နေတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ သူသည် နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သူ့မှာဆောင်ရွက်ပိုင်ခွင့် တွေရှိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ရတဲ့အခွင့်အရေး တွေပေါ်မူတည်ပြီးတော့မှ သူ့အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း အထောက်အကူရမှာ ဖြစ်တယ်။ သူ့မှာလဲ ဒီအခွင့်အရေးတွေရှိတဲ့ အတွက်ကြောင့်ကျွန်တော်ထင်တယ်၊ တစ်စိတ်တစ်ဒေသတော့ မြန်မာနိုင်ငံအတွက် အထောက်အကူ ရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်လို့ ပြောချင်ပါတယ်” ဟုပြောကြားသည်။
ထို့အတူ နိုင်ငံရေးသမားတစ်ဦးဖြစ်လာရန် မည်သည့်အခြေအနေများ လိုအပ်ချက်ရှိသည်ကို မေးမြန်းမှုအပေါ် တပ်မတော်အား ပြည်သူလူထုယုံကြည်မှုရှိရန်၊ နိုင်ငံတော်ကာကွယ်ရေး စွမ်းအားအပြည့် ဆောင်ရွက်နိုင်သည့် အခြေအနေမျိုးရှိရန်နှင့် ကမ္ဘာ့နိုင်ငံများနှင့် စံချိန်မီသည် တပ်မတော်ဖြစ်အောင်လုပ်ရန် တာဝန်များရှိသည့် အတွက် အဆိုပါအခြေအနေများပေါ်မူတည်ကာ ဆုံးဖြတ်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ဖြေကြားခဲ့သည်။
“ကျွန်တော်တို့တာဝန်ယူ ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အကျိုးအတွက်ဖြစ်ပါတယ်။ တချို့သူတွေပြောကြသလို တပ်မတော်ဟာ သဘောထားတင်းမာတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူ ပုဂ္ဂိုလ်ဒါမှမဟုတ် ပါတီနိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
          

Most Read

Most Recent