သမ္မတအရည်အချင်း ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ထားခြင်း မရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပုံ ပြင်ဆင်နည်းကို သဘောမတူကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

သမ္မတအရည်အချင်း ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ထားခြင်း မရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပုံ ပြင်ဆင်နည်းကို သဘောမတူကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 11 June 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

နိုင်ငံတော်သမ္မတ အရည်အချင်း ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ထားခြင်း မရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပုံပြင်ဆင်နည်းကို သဘောမတူကြောင်း NLD ပါတီ မှ ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဇွန် ၁၁ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
ဦးဝင်းမြင့်က “ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆိုတာ တို့က ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ကတည်းက ကြွေးကြော်ချက် ဲမှာ တစ်ခုပါတယ်။ အဲဒီတုန်းက သုံးခု ကြွေးကြော်ခဲ့တယ်။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို အဲဒီကတည်းက ကြွေးကြော်ခဲ့တာ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ထောက်ခံကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လိုတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာတို့က နှစ်ဆယ်ရာခိုင်နှုန်းမရှိဘူး။ နှစ်ဆယ်ရာခိုင်နှုန်း မရှိတဲ့ အခါကျတော့ နှစ်ဆယ်ရာခိုင်နှုန်း မရှိတော့ တို့မှာအခက်အခဲဖြစ်တယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီက ရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့က ပြင်ဆင်ဖို့ လက်မှတ်စုတယ်။ စုတဲ့အခါကျတော့ တို့ကအစကတည်းက ကြွေးကြော်ထားတာဖြစ်တဲ့ အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းပါဝင်တယ်။ ဒါပေမဲ့ ပြင်ပုံပြင်နည်းကတော့ လွှတ်တော်ထဲမှာတို့ ဆွေးနွေးမယ်။ ဆိုလိုချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကိုသာ သဘောတူတာ။ ပြင်ပုံပြင်နည်းကို သဘောမတူဘူး။ ပြင်ပုံပြင်နည်းကို လွှတ်တော်ထဲမှာ တို့ဆွေးနွေးမယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
“၅၉(စ)နဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် ၅၉(စ)က လုံးဝတစ်ပုဒ်လုံးတောင် မပါသင့် တာ။ အဲဒီ ၅၉(စ) တစ်ခုလုံး မပါသင့်တာ။ ဘာလို့ မပါသင့်လဲမေးရင် တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ ခုနှစ် ဥပဒေ ဗိုလ်ချုပ်အောင်ဆန်းချခဲ့တဲ့ မူနဲ့ရေးခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာလည်း ၅၉ (စ)ဆိုတာမျိုးမပါဘူး။ ထို့အတူပဲ တို့တွေက ၈၈မှာ ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူတွေ အသက်သွေးချွေးတွေ ပေးပြီးတော့ ဒီမိုကရေစီအရေး တောင်းဆိုခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကရေးတဲ့ ဦးနေဝင်းရေးတဲ့ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတောင်မှ ၅၉(စ)လို ပြဋ္ဌာန်းချက်မျိုး မပါဘူး။ အဲဒီဥပဒေနှစ်ခုမှာ ပါတာက ၄၇ ဖွဲ့စည်းပုံ ဥပဒေမှာကော ၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာကောပါတာ ရှင်းရှင်းလေး။ မိမိကိုယ်တိုင်၊ မိမိမိဘနှစ်ပါးရယ် နိုင်ငံသား ဖြစ်ရမယ်။ ပြီးရင် ပြည်သူ့လွှတ်တော် အရည်အချင်းနဲ့ ညီရမယ်။ အဲဒါဆိုရင် နိုင်ငံတော်သမ္မတ ရွေးလို့ရမယ်။ ဒါရှင်းရှင်းလေး ၄၉ မှာ ပြဋ္ဌာန်းထားတာ။ ၇၄ မှာလည်း ဒီအတိုင်းပဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်း ရှိရမယ်။ အဲဒီမှာ မိမိနဲ့ မိမိရဲ့ မိဘနှစ်ပါး လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ရှိရမယ်။ ပြီးရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းရှိလို့ရှိရင် နိုင်ငံတော်ကောင်စီ အရွေးခံရမယ်။ နိုင်ငံတော်ကောင်စီ အရွေးခံရင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတပဲ။ ဆိုလိုချင်တာက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်း ရှိရင် နိုင်ငံတော်သမ္မတ အရည်အချင်း ပြည့်စုံတယ်။ ဒါပဲဥပဒေနှစ်ခုလုံးမှာ တို့ရဲ့အတိတ် သမိုင်းမှာ ဒီလိုရှိတယ်။ နောက်တစ်ခုက နိုင်ငံတကာရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ၅၉ (စ)လို့ လုံးဝမရှိဘူး။ ဒါကြောင့်မို့ ဒီပုဒ်မက အစကတည်းက မပါခဲ့တာ။ ဒါကြောင့်တို့က လွတ်လပ်ပြီး တရားမျှတဖို့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် တကယ်ဦးတည်ရင် ၅၉(စ)ကို ပယ်ဖျက်ရမယ်။ ဒါတို့ရဲ့ ရပ်တည်ချက်ပဲ။ ဖွဲ့စည်းပုံပြင်ဖို့ကတော့ သဘောတူတယ်။ ပြင်ပုံပြင်နည်းက လွှတ်တော်မှာ ဆွေးနွေးမယ်” ဟု ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။
ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ တို့ ပြင်ဆင်ရန် ပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော်သို့ ဇွန် ၁၀ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြစ်ကြီးနားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က တင်သွင်းခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ အခန်းပါ ပုဒ်မခွဲ (စ)ဖြစ်သည့် “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ် ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူများ မဖြစ်စေရ” ဆိုသည့်နေရာတွင် “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူများ မဖြစ်စေရ” ဟု အစားထိုး ပြင်ဆင်ထားသည်။
 

Most Read

Most Recent