သမ္မတဖြစ်ခွင့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ပုဒ်မ ၅၉ (စ) ပြင်နိုင် မပြင်နိုင် စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

သမ္မတဖြစ်ခွင့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ပုဒ်မ ၅၉ (စ) ပြင်နိုင် မပြင်နိုင် စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 9 June 2015
စိုးမင်းထိုက်

သမ္မတဖြစ်ခွင့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန်အတွက် ပုဒ်မ ၅၉ (စ) ပြင်နိုင်၊ မပြင်နိုင်ကို စောင့်ကြည့်ရမည့်အနေအထားဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇွန် ၉ ရက်တွင် မီဒီယာများအား ပြောကြားသည်။
 
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရွေးချယ်ပွဲမှာ ပါဝင်နိုင်ဖို့  ၅၉ (စ) က အဓိကကျတယ်။ အဲဒီတော့ ၅၉ (စ) ကို ပြင်နိုင်မလား မပြင်နိုင်လားဆိုတာကတော့ အဲဒါကို စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်” ဟု ပြောကြားသည်။
 
ဆက်လက်၍ “တကယ်လို့ မပြင်နိုင်ခဲ့ဘူးဆိုရင်လည်း လွှတ်တော်ဥက္ကဋ္ဌလောက်ဆိုရင်လည်း မဆိုးပါဘူး။ လွှတ်တော်ဥက္ကဋ္ဌဆိုတာကလည်း ကာလုံမှာပါတာပဲလေ”ဟု ပြောကြားသည်။
 
၅၉ (စ) နှင့်ပတ်သက်၍ ယခင်ကတည်းက စဉ်းစားထားမှုများရှိကြောင်း၊ အကယ်၍ ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် စဉ်းစားမိခဲ့ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုရာတွင် ဝန်ကြီးချုပ်ရာထူးကို အဆိုပြုခဲ့ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
 
“အဘအနေနဲ့ ဟိုးအရင်ကတည်းက စိတ်ကူးခဲ့တာက ဝန်ကြီးချုပ်ပို့စ်တစ်ခု လိုအပ်တယ်လို့ပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်လည်း အကြံပြုခဲ့တယ်။ ဒါပေမဲ့ အခုပါဝင်မလာဘူး။ အဘဆန္ဒပြုခဲ့တုန်းက ပါတယ်။ ဝန်ကြီးချုပ်နေရာဆိုရင် ၅၉ (စ) နဲ့ လွတ်တယ်။ အဲဒီလိုစဉ်းစားပြီးတော့ တင်ခဲ့ဖူးတယ်။ အခုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပါမလာခဲ့ဘူး”ဟု ဆက်လက်ပြောကြားသည်။ 
 
အဓိကအားဖြင့် တိုင်းပြည်ကို ကောင်းမွန်တိုးတက်စေချင်ကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအလွန် ကာလများအား တည်ငြိမ်စေချင်ကြောင်း၊ ထိုကဲ့သို့ ဆက်သွားပါက တိုင်းပြည်က ကောင်းလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ပဲ လုပ်ချင်ကြကြောင်း၊ နိုင်ငံရေးပါတီတွေဆိုရင် အများကြီးဖြစ်နေခြင်းမှာ ခေါင်းဆောင်လုပ်ချင်ကြ၍ဖြစ်ကြောင်း၊ ရည်ရွယ်ချက်တူပါက ပါတီကြီးတွေအောက်မှာ ပူးပေါင်းသင့်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပုဒ်မ တော်တော်များများ တင်သွင်းထားကြောင်း၊ ဖွဲ့စည်းပုံပြင်ဖို့ ရာခိုင်နှုန်း ၂၀ လက်မှတ်ထိုးပြီး တင်ခြင်းနှင့် ပြင်ဆင်ခြင်းသည် တစ်ပိုင်းစီဖြစ်ကြောင်း၊ ပြင်နိုင်ဖို့တင်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းပြည့်သည်ဆိုပါက တင်လို့ရကြောင်း၊ ပြင်ဆင်မှုအပိုင်းတွင်မူ အားလုံးသဘောတူမှသာရကြောင်း၊ ပြင်ဆင်နိုင်မည် မပြင်ဆင်နိုင်ဘူးဆိုသည့် အနေအထားကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
 
ဦးခင်အောင်မြင့်က “ဖွဲ့စည်းပုံပြင်နိုင်ဖို့ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုက အကျိုးသက်ရောက်မှုရှိတယ် မရှိဘူး အဲဒီလို ငြင်းနေကြတာပဲ။ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲပေါ်မူတည်တယ်။ အဲဒီလို မူတည်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ အမိန့်ပေးခွင့်ရှိတယ်လို့ ယူဆတဲ့အပိုင်းလည်းရှိတယ်။ ဒါပေမဲ့ သူတို့က လွှတ်တော်ကိုယ်စားလှယ်တွေပဲလေ” ဟု ပြောကြားသည်။
 
လက်ရှိအချိန်တွင် သမ္မတဖြစ်နိုင်မည့်သူများအဖြစ် သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့အား ခန့်မှန်းပြောဆိုနေမှုများနှင့်ပတ်သက်၍ မီဒီယာများက မေးမြန်းမှုအပေါ်တွင် ဦးခင်အောင်မြင့်က“သမ္မတ ရာထူးအတွက် ခန့်မှန်းခံနေရသူတွေဟာ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကြိုးစားရဦးမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတဲ့ အဆင့်ကြီးခံနေသေးတယ်။ အဲဒီအဆင့်ကို ဖြတ်ကျော်ပြီးမှ ဖြစ်မှာပါ”ဟု ပြန်လည်ဖြေကြားသည်။
 
လာမည့်ရွေးကောက်ပွဲတွင် သူတင်ကိုယ်တင် ပြိုင်ရမည့်အနေအထားရှိကြောင်း၊ ၂၀၁၀ တုန်းကကဲ့သို့ အပြတ်အသတ်နိုင်မည် မဟုတ်ကြောင်း၊၂၀၁၀ ရွေးကောက်ပွဲတွင် NLD မပါဝင်ခဲ့ကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
 
ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် အရေးပါသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ဒုတိယအကြိမ်ဖြစ်ပေါ်ရန် ကြန့်ကြာနေမှုနှင့် မည်သည့်ရက်တွင် ဖြစ်နိုင်မည်ဟု ခန့်မှန်းမိပါသလည်းဟု  မေးမြန်းမှုကိုလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက “ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဖို့ ဘာလို့ကြာနေတာလဲဆိုတာ တော့မသိဘူး။ အဘက ခေါ်လို့မရလို့ ခေါ်လို့ရရင် ခေါ်ပြီးသွားပြီ။ ဒုတိယအကြိမ် တွေ့ဆုံပွဲ ဘယ်တော့ဖြစ်မယ်ဆိုတာ မသိသေးဘူး”ဟု ပြောကြားသည်။
 
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတဖြစ်လာမည့်သူသည် ပြည်သူများက လိုလားမည့်သူဖြစ်ရမည့်အပြင် တိုင်းရင်းသားအဖွဲ့အစည်းများက လိုလားလက်ခံသူဖြစ်ရန်လိုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတင်းထောက်များအား ပြောကြားသည်။
 
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က“ပြည်သူ့သဘောထားက အရေးကြီးပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေက လိုလားတဲ့သူ လက်ခံတဲ့သူဖြစ်ရမယ်။ အဓိက ကတော့ ပြည်သူလိုလားတဲ့သူ ဖြစ်ရမယ်။ ပြည်သူတွေရဲ့ နှစ်သက်ခြင်းကိုရတဲ့သူ၊ နောက်ကြောင်းရာဇဝင်ကောင်းတဲ့သူ အဲဒီလို ဖြစ်ဖို့လိုတာပေါ့။ ပြည်သူမလိုလားတဲ့သူ ဖြစ်လာရင်လည်း မငြိမ်သက်တာတွေ ဖြစ်လာနိုင်တာပေါ့” ဟု မီဒီယာများအား ပြောကြားသည်။                
 

Most Read

Most Recent