အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြသည့် အခြေခံမဲဆန္ဒရှင် စာရင်းတွင် မှားယွင်းမှုများနှင့် အားနည်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မီဒီယာများအား ရှင်းလင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြသည့် အခြေခံမဲဆန္ဒရှင် စာရင်းတွင် မှားယွင်းမှုများနှင့် အားနည်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မီဒီယာများအား ရှင်းလင်း
Published 8 June 2015
ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြခဲ့သည့် အခြေခံမဲဆန္ဒရှင်စာရင်း၌ မှားယွင်းမှုများ၊ အားနည်းချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်။
ရန်ကုန်မြို့ရှိ Myanmar Peace Center ၌  ဇွန် ၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အဆိုပါကိစ္စရပ်အား ထည့်သွင်းရှင်းလင်း ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဇွန် ၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်တွေ့ဆုံစဉ် အခြေခံမဲစာရင်းနှင့် ပတ်သက်၍ အားနည်းချက်များ ရေးသားထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့ကြောင်း၊ အခြေခံမဲစာရင်းမှာ အိမ်ထောင်စုစာရင်းကို အခြေခံထားသဖြင့် အိမ်ထောင်စုစာရင်း မှားယွင်းနေပါက မဲစာရင်းတွင်လည်း မှားယွင်းနေမည်ဖြစ်ပြီး ထိုသို့မှားယွင်းမှုများ ပြင်ဆင်နိုင်ရန်အတွက် အခြေခံမဲစာရင်း ကြေညာခြင်းကို ဆောင်ရွက်ခြင်းဖြစ် သည်ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း၊ လူအများအပြား ၃၀ ရက် ၆ လအဖြစ် မွေးရက် မွေးလတူနေသည့်ကိစ္စရပ်မှာလည်း အိမ်ထောင်  စုစာရင်း မွေးသက္ကရာဇ်သာပါပြီး မွေးရက်နှင့် မွေးလ မသိသူများကို ထည့်သွင်းထားခြင်း ဖြစ်သည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
“၁၉၉၇ ခုနှစ်ဆိုရင်တော့ ကျွန်တော်တို့ သံသယရှိတယ်။ ကျွန်တော်တို့ ကြည့်တယ် ၁၈ နှစ်ပြည့် မပြည့်။ ၁၉၉၇ မဟုတ်သမျှတွေ ကတော့ လာခဲ့။ မွေးရက်နဲ့လ မပါဘူးဆိုရင် ၃၀ ရက် ၆ လ ၁၉၈၄။ ၃၀ ရက် ၆ လ ၁၉၉၂ ဒီလိုမျိုး ထည့်လိုက်တာပဲ။ အဲဒီတော့သူတို့ က မေးတယ်။ ၃၀ ရက် ၆ လ ဖြစ်နေတယ်။ မှန်တယ်။ ကွန်ပျူတာမှာ ရက်၊ လ၊ နှစ်ရယ် ရိုက်မှကြည့်လို့ ရတဲ့အတွက် ဒီလိုထည့်ခြင်း ဖြစ်တယ်။ မှားရင် ကြိုက်တဲ့အချိန် လာဖြည့်လေ။ ကျွန်တော်သက္ကရာဇ်ကြီးမှားတယ်။ ပြင်လိုက်။ မှန်ကန်သော မဲစာရင်းရမယ်ဆိုပြီးတော့ ကျွန်တော်သူတို့နဲ့ အကြာကြီး ဆွေးနွေးတယ်။ နှစ်နာရီကျော်လောက် ဆွေးနွေးလိုက်တယ်။ ဆွေးနွေးလည်းပြီးရော ပြီးသွားရော။ ပြီးတဲ့အခါကျတော့ လေးရက်နေ့ကျတော့ ဘာလာလဲဆိုတော့ ပထမလာတုန်းက အိတ်ဖွင့်ပေးစာ။ ဇွန် ၄ ရက်ကျတော့ ကြေညာချက်တဲ့။ ကော်မရှင်ကို သွားတွေ့ပါတယ်တဲ့။ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် ဆိုပြီးလာတယ်။ အိတ်ဖွင့်ပေးစာကို အကုန်လုံး ဝေချလိုက်တယ်။ ထုတ်ပြန်လိုက်တယ်။ ထုတ်ပြန်လိုက်ပြီးတော့ ဒီသတင်းထုတ်ပြန်ချက်မှာ ရေးဖို့ကောင်းတာပေါ့။ အိတ်ဖွင့်ပေးစာပါ ကိစ္စတွေကို ကျွန်တော်တို့ ကော်မရှင်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကော်မရှင်က ဘယ်လို ဘယ်လို ဆောင်ရွက်သွားတဲ့ အတွက်ကြောင့် ပြေလည်သွားပါပြီ။ ဒီလိုရေးဖို့ ကောင်းတာပေါ့” ဟု ဦးတင်အေးက ပြောကြားသည်။
ထို့ပြင် အိတ်ဖွင့်ပေးစာ၌ ပါဝင်သည့်  ပြည်ခိုင်ဖြိုးရွာဟု ဆိုင်းဘုတ်တင်ထားသည့် ကျေးရွာများနှင့် ပတ်သက်၍လည်း လွှတ်တော်၌ အုပ်ချုပ်ရေးနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် အုပ်ချုပ်ရေးပိုင်းမှာ ဆောင်ရွက်ရန် ဖြေကြားထားပြီးဖြစ်ကြောင်း၊ ထိုသို့ဆိုင်းဘုတ် တင်ထားခြင်းအား ကာယကံရှင်ကျေးရွာမှာ လက်ခံနေပါက ကော်မရှင်အနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးပိုင်းမှ ဖြုတ်ချမှသာ ရမည်ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ကိစ္စနှင့်ပတ်သက်၍ ဂျာနယ်များတွင်ပါသည့် ကိစ္စရပ်ဖြစ်သဖြင့် မသိကြောင်းကို ရှင်းလင်းခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
“အမှားကို ဘယ်လိုလုပ်လိုက်တာ အမှန်ဖြစ်တယ်လို့ ကြေညာချက်ကျတော့ ရေးဖို့သင့်တာပေါ့။ မရေးတော့ ကျွန်တော် ဘာမှမပြောပါဘူး။ ဒီလိုပဲထားပါတယ်။ သို့သော်ငြားလည်း ဆိုးတာက International Pressure ဆိုတာ လာတယ်။ သူတို့နဲ့ ၃ ရက်နေ့ တွေ့တယ်။ ၄ ရက်နေ့ကျတော့ မစ်မက်ကော်နယ်က ဘာပြောလဲဆိုတော့ မြန်မာပြည်မှာ ရွေးကောက်ပွဲက လူထုဆန္ဒမထင်ဟပ်ဘူးဆိုရင် တပ်မတော်နဲ့ ဆက်ဆံရေး ပျက်ပြားသွားနိုင်တယ်။ စီးပွားရေး ပျက်ပြားသွားနိုင်တယ်။ ကျွန်တော်မကြောက်ပါဘူး။ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုတာ ဘာတိုင်းတာတာလဲ။ သူနိုင်စေချင်တဲ့ပါတီ မနိုင်လို့ လူထုဆန္ဒ မထင်ဟပ်ဘူးဆိုရင် ဒီဟာမျိုးကျတော့ လက်မခံနိုင်ဘူး။ သူနိုင်စေချင်တဲ့ပါတီ နိုင်တာဟာ လူထုဆန္ဒထင်ဟပ်တယ်လို့ သဘောထားရင် NO ပဲ။ ဘယ်ပါတီနိုင်နိုင် လူထုသဘောထား အတိုင်းပဲ ဖြစ်ရမယ်။ သူနိုင်စေချင်တဲ့ ပါတီမနိုင်ရင် လူထုသဘောထား မထင်ဟပ်တာဖြစ်တဲ့ အတွက်ကြောင့် မြန်မာပြည်ကို ပိတ်ဆို့မယ်ဆိုရင် အခါ ၁၀၀ ပိတ် ကျွန်တော်ဂရုမစိုက်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားရှိပါတယ်။ It is bloody but unbowed လုံးဝဂရုမစိုက်ဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့။ ကျွန်တော်ကတော့ အမှန်အတိုင်း လုပ်သွားမှာ။ ဂရုစိုက်စရာ မလိုဘူး။ ကော်မရှင်လုပ်ငန်းဆိုတာ နှစ်ယောက်စလုံး အနိုင်ပေးလို့မရဘူး။ တစ်ယောက်နိုင် တစ်ယောက်ရှုံးပဲ” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အိတ်ဖွင့်ပေးစာတွင်ပါဝင်သည့် မဲစာရင်းမှားယွင်းမှု ရာခိုင်နှုန်းမှာ ရာခိုင်နှုန်း ၃၀ မှ ၈၀ ကြားရှိနိုင်သည်ဟု ရေးသားထားခြင်းမှာ ၃၀ ရက် ၆ လ ကိစ္စရပ်ကို အခြေခံ ပြောကြားပါက ဖြစ်နိုင်ခြေရှိသည်ဟု ထင်ရသော်လည်း ၃၀ ရက် ၆ လသည် အရေးမကြီးဘဲ ၁၈ နှစ်ပြည့် မပြည့်အား ကြည့်ရှုရန် သက္ကရာဇ်သာ အရေးကြီးကြောင်း ဦးတင်အေးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးအပ်ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ကြေညာထားသော မဲဆန္ဒရှင်များစာရင်း၌ မမှားသင့်သော အမှားများအနေဖြင့် မဲဆန္ဒရှင်များ၏ မွေးနေ့နှင့် မွေးလကို ၃၀ ရက် ၆ လဟု မြောက်မြားစွာ ဖော်ပြထားခြင်းများကိုလည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူသည် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဟု ရွေးကောက်ပွဲ ဥပဒေများတွင် ဖော်ပြထားသော်လည်း မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင် မရှိသေးသူများ၏ အမည်စာရင်းများကို ဖော်ပြထားခြင်းကို လည်းကောင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းတွင် ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း ဝင်သူသာ ပါဝင်ရမည်ဟု ဆိုသော်လည်း ယာယီအိမ်ထောင်စုဇယားဟု ဖော်ပြထားသော ဇယားတွင် အမည်ပါရှိသူများကို အခြေခံမဲဆန္ဒရှင် စာရင်းတွင် ထိုသူများ၏ အမည် စာရင်းများ ပါဝင်နေခြင်း တို့ကိုလည်းကောင်း တွေ့ရှိရကြောင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများဖြင့် ညီညွတ်ခြင်းမရှိသည့်  အမှားများ အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသော ပုံစံများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြင်ဆင်ခြင်း၊ သတ်မှတ်ထားသော လုပ်ငန်းစဉ်ကို တစ်ဆင့်တိုး၍ လုပ်ဆောင်စေခြင်းတို့ဖြင့် ပြည်သူတို့အား ရှုပ်ထွေးစေမှုများကို ဖြစ်ပေါ်စေကြောင်း ဖော်ပြထားသည်။
 

Most Read

Most Recent