မြန်မာ ယူ-၂၃ အသင်း ကွင်းလယ်လူ ရဲကိုဦးနှင့် တွေ့ဆုံခြင်း

မြန်မာ ယူ-၂၃ အသင်း ကွင်းလယ်လူ ရဲကိုဦးနှင့် တွေ့ဆုံခြင်း
Published 7 June 2015
ညီညီစိုးညွန့်

မြန်မာ ယူ-၂၃ အသင်းက ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ခြေစွမ်းပြလျက်ရှိပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပြီဖြစ်ပါတယ်။ စင်ကာပူနဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ကွင်းလယ်ကစားသမား ရဲကိုဦးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 
 
“လက်ကျန်ပွဲတိုင်းကို စင်ကာပူနဲ့ပွဲလို ယှဉ်ပြိုင်ကစားမှာပါ”
 
 
မြန်မာ ယူ-၂၃ အသင်း ကွင်းလယ်လူ ရဲကိုဦးနှင့် တွေ့ဆုံခြင်း
 
 
မေး   - အိမ်ရှင် စင်ကာပူအသင်းနဲ့ပွဲမှာ အရေးပါတဲ့အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တယ်ဆိုတော့  အဲဒီပွဲအနေအထားကို သုံးသပ်ပေးပါဦး။
 
ဖြေ   -    ဒီပွဲဟာ အသင်းအတွက် အရမ်းကိုအရေးပါ ပါတယ်။ ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျေနပ်ပေမယ့် အသင်းအနိုင်ရဖို့ က အရေးကြီးပါတယ်။ ကျွန်တော်တို့အသင်းဟာ တစ်ဦးကောင်းထက် အသင်းလိုက်ကစားတာဖြစ်တာကြောင့် ဘယ်သူဂိုးသွင်းသွင်း အရေးမကြီးပါဘူး။ အဓိက က အသင်းအနိုင်ရဖို့ပါ။
 
မေး   - အရေးကြီးတဲ့နှစ်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုတော့ ဆီမီးတက်ပြီလို့ ပြောနိုင်ပြီလား။
 
ဖြေ   -    ကျွန်တော်တို့အသင်းဟာ အရမ်းကို ခက်ခဲတဲ့ပွဲ နှစ်ပွဲကို အနိုင်ရခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဆီမီးတက်ပြီလို့ ပြောလို့မရသေးပါဘူး။ နှစ်ပွဲတောင်ကစားဖို့ ကျန်ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ပြိုင်ပွဲကဖြစ်ရပ်ကို အတုယူရပါမယ်။ ပွဲစဉ်အားလုံးကို စင်ကာပူနဲ့ပွဲလိုပဲ ယှဉ်ပြိုင် ကစားသွားမှာပါ။
 
မေး   - ဒီနေ့ကစားရမယ့် ဖိလစ်ပိုင်နဲ့ပွဲအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။
 
ဖြေ   -    ဖိလစ်ပိုင်နဲ့ပွဲကလည်း အရေးပါပါတယ်။ ဒီပွဲအနိုင်ရမှ ဆီမီးတက်ဖို့သေချာမှာပါ။ ပွဲတိုင်းကို ဂရုစိုက်ပြီး ယှဉ်ပြိုင်မှာပါ။       
 
မေး   - နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသလဲ။
 
ဖြေ   -    ကျွန်တော်တို့အသင်းကို အားပေးနေတဲ့ စင်ကာပူကရော မြန်မာနိုင်ငံက ပရိသတ်တွေကိုပါ အရမ်းကျေးဇူးတင်ပါတယ်။
 

Most Read

Most Recent