ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိမ်ရှင်စင်ကာပူအသင်းတို့သည် ဇွန် ၄ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၇ နာရီတွင် စင်ကာပူနိုင်ငံရှိ ဂျလန်းဘီဆာကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။
နှစ်သင်းစလုံး အဖွင့်ပွဲတွင် နိုင်ပွဲများရရှိထားပြီး ယခုပွဲမှာ နောက်တစ်ဆင့်တက်ရေး အရေးပါသည့် ပွဲလည်းဖြစ်သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို (၄-၂) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားခြင်းဖြစ်ပြီး အိမ်ရှင်စင်ကာပူအသင်းမှာမူ ပွဲဦးထွက်ပွဲတွင် ဖိလစ်ပိုင်အသင်းကို (၁-ဝ)ဂိုးဖြင့်သာ အနိုင်ရရှိထားသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များ အနေအထားအရ ပွဲကျပ် နှစ်ပွဲဆက်တိုက် ကစားရခြင်းဖြစ်ပြီး စင်ကာပူအသင်းနှင့်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပါက ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ရန် အခြေအနေ ကောင်းသွားမည်ဖြစ်သည်။ မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့သည် ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် မတွေ့ဆုံသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၀၉ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းက (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ထားကြောင်း သိရသည်။ စင်ကာပူအသင်းသည် ပြည်တွင်းအခြေစိုက် Young Lions အသင်းမှ ကစားသမားအများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စင်ကာပူလက်ရွေးစင် ဘောလုံးသမားဟောင်း အစ္စကန်ဒါက ကိုင်တွယ်နေလျက်ရှိသည်။ စင်ကာပူအသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တတိယဆုရရှိထားသည့် အသင်းဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ယခုပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိရန် မျှော်မှန်းထားသည့် အသင်းလည်းဖြစ်သည်။ မြန်မာအသင်းသည် ယခုဆီးဂိမ်းစ်ပြိုင်ပွဲကို ပြည်တွင်းနည်းပြများဖြင့်သာ ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အောင်မြင်မှုရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဇွန် ၄ ရက်တွင် အိမ်ရှင် စင်ကာပူအသင်း၊ ဇွန် ၇ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဇွန် ၁၀ ရက်တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များမှာ ဇွန် ၁၁ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးတက်ရေး အရေးပါသည့် မြန်မာ-စင်ကာပူပွဲစဉ် ယနေ့ယှဉ်ပြိုင်မည်
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago