“မြန်မာအသင်းနဲ့ပွဲမှာ အမှတ်ဆုံးရှုံးလို့ မရပါဘူး” - စင်ကာပူ ယူ-၂၃ အသင်း နည်းပြချုပ် အစ္စကန်ဒါနှင့် တွေ့ဆုံခြင်း

“မြန်မာအသင်းနဲ့ပွဲမှာ အမှတ်ဆုံးရှုံးလို့ မရပါဘူး” - စင်ကာပူ ယူ-၂၃ အသင်း နည်းပြချုပ် အစ္စကန်ဒါနှင့် တွေ့ဆုံခြင်း
Published 3 June 2015
ညီညီစိုးညွန့်

မြန်မာယူ-၂၃ အသင်းသည် အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် လာမည့် ဇွန် ၄ ရက်တွင် အိမ်ရှင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် အိမ်ရှင်စင်ကာပူအသင်း နည်းပြချုပ် အစ္စကန်ဒါအား တွေ့ဆုံမေးမြန်းထားသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး - ဖိလစ်ပိုင်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစွမ်းအပေါ် အားရကျေနပ်မှုရှိပါသလား။
ဖြေ - နိုင်ပွဲရတဲ့အပေါ်မှာ ဘယ်နည်းပြမှ မကျေနပ်တာ မရှိပါဘူး။ အဖွင့်ပွဲဆိုတာ ခက်ခဲလေ့ရှိတာပါပဲ။ အနိုင်ရတဲ့အတွက် ကျေနပ်ပါတယ်။ ခြေစွမ်းပိုင်းကိုပြောမယ်ဆိုရင်တော့ လိုအပ်ချက်တွေရှိပါသေးတယ်။
မေး - အုပ်စု ဒုတိယပွဲမှာ မြန်မာအသင်းနဲ့ ကစားရမယ်ဆိုတော့ မြန်မာအသင်းနဲ့ပွဲကို သုံးသပ်ပေးပါဦး။
ဖြေ - ကျွန်တော်တို့အသင်း အုပ်စုမှာပါဝင်တဲ့ အသင်းတွေက ခြေညီပါတယ်။ ကွာခြားမှု မရှိပါဘူး။ နောက်တစ်ဆင့်တက်ဖို့အတွက် ပထမခြေလှမ်းဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ပွဲမှာ အမှတ်ပြည့်ရခဲ့ပါတယ်။ မြန်မာနဲ့က ဒုတိယခြေလှမ်းပေါ့။ သေချာတာက ကျွန်တော်တို့အသင်း အမှတ်ဆုံးရှုံးလို့ မရပါဘူး။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းနဲ့ ကစားတဲ့ပွဲကို ကြည့်ပြီး ပြင်ဆင်သွားမှာပါ။
မေး - ဒီပြိုင်ပွဲက အိမ်ရှင်လုပ်တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲဖြစ်တာကြောင့် ရွှေတံဆိပ် မဖြစ်မနေရယူရမယ်ဆိုတဲ့ ဖိအားရှိနေပါသလား။
ဖြေ - ဖိအားဆိုတာကတော့ ပြိုင်ပွဲဝင်ပြီဆိုရင် အနည်းနဲ့ အများတော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ ရွှေတံဆိပ် မဖြစ်မနေရရမယ်ဆိုတဲ့ ဖိအားတော့ ကျွန်တော့်မှာ ရှိမနေပါဘူး။ ရွှေတံဆိပ် မှန်းတာထက်စာရင် ဆီမီးတက်အောင် အရင်လုပ်တာက လက်တွေ့ကျမယ် ထင်ပါတယ်။ တစ်ဆင့်ချင်းသွားရမှာပါ။ ဆီမီးပြီးမှ ဖိုင်နယ်ပေါ့။               
 

Most Read

Most Recent