အရေးယူမှုနှင့် ပြုပြင်ပြောင်းလဲရေး

အရေးယူမှုနှင့် ပြုပြင်ပြောင်းလဲရေး
Published 28 May 2015
သစ်ထွဋ်

လက်ရှိရန်ကုန်မြို့မှာ မော်တော်ယာဉ်အသုံးပြုမှု များလာတာနဲ့အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်တဲ့ ဖြစ်စဉ်တွေတိုးလာပြီး ယာဉ်နဲ့လမ်း အသုံးပြုသူများဟာ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်။
ဒီလိုစည်းကမ်း ချိုးဖောက်မှုများနဲ့ ပတ်သက်ပြီး အရေးယူမှုမျိုးစုံကို ပြုလုပ်နေခဲ့ပေမယ့် စည်းကမ်းချိုးဖောက်မှု များကတော့ သိသာစွာ လျော့ကျခြင်း မရှိတာ တွေ့ရပါတယ်။  ပြီးခဲ့တဲ့မေလ တတိယပတ် အတွင်းကတော့ သတ်မှတ်စည်းကမ်း ချိုးဖောက်တဲ့ မော်တော်ယာဉ်အမှုများကို ပြစ်ဒဏ်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ပါရှိခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်တွေအရ စည်းကမ်းလိုက်နာမှု အားနည်းတဲ့ ခရီးသည်တင် ယာဉ်များကို အဓိကထားပြီး ပြစ်ဒဏ်မျာတိုးမြှင့် ပြဋ္ဌာန်းလိုက်တာ ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။ အဲဒီလို တိုးမြှင့်လိုက်တဲ့ ပြစ်ဒဏ်များတွင် သတ်မှတ်နံပါတ်ပြား မတပ်ခြင်း၊ ရှေ့၊ နောက် နံပါတ်ပြား မပါခြင်းတို့အတွက် ခြောက်လမှ လေးနှစ်အထိ လိုင်စင်ရုပ်သိမ်းခြင်း၊ လိုင်စင်ပါ ခွင့်ပြုထားသော ယာဉ်မှအပ မောင်းနှင်ခြင်း ပြုလုပ်ပါက တစ်နှစ်မှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်းခြင်း၊ နည်းဥပဒေလမ်းညွှန်များ၊ လမ်းအမှတ်အသားများကို မလိုက်နာခြင်းတို့ အတွက် တစ်နှစ်လိုင်စင်ပိတ်သိမ်းခြင်း၊ အ ကွေ့ကြောမှ အတည့်ထွက်ခြင်း၊ အတည့်ကြောမှ အကွေ့ဝင်ခြင်းများအတွက် နှစ်နှစ်မှလေးနှစ်အထိ လိုင်စင်ပိတ်သိမ်းခြင်း၊ အမိုး၊ ရှေ့ဖုံး၊ ရွှံ့ကာ၊ ယာဉ်နောက်ပိတ်၊ ခြေနင်း၊ ယာဉ်ရဲ့ဘေးနှင့်နောက်တွင် စီးနင်းစေခြင်းအတွက် ခြောက်လမှ လေးနှစ်ဖြင့် လိုင်စင်ရုပ် သိမ်းခြင်းများအဖြစ် ပြစ်ဒဏ်များတိုးမြှင့် ပြဋ္ဌာန်းလိုက်ကြောင်း သတင်းများတွင် ဖတ်လိုက်ရပါတယ်။ ဒီလိုပြစ်ဒဏ်များ တိုးမြှင့်လိုက်တာဟာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်းကို ရည်ရွယ်တယ်လို့လည်း ပါရှိပါတယ်။
အမှုပေါင်းနှစ်သိန်းငါးသောင်း
ပြန်ကြည့်ရင် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ယာဉ်တင်သွင်းမှု တစ်စတစ်စ မြင့်တက်လာခဲ့ပြီး အထူး သဖြင့်ရန်ကုန်မြို့မှာ အသုံးပြုမောင်းနှင်တဲ့ ယာဉ်အရေအတွက်ဟာ သိသာစွာ တိုးတက်လာခဲ့ပါတယ်။ ဒီလိုတိုးတက်လာပြီးတဲ့နောက် စည်းကမ်းမဲ့ မောင်းနှင်မှုများဟာလည်း တိုး လာခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ချက်တွေ အရ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ စည်းကမ်းပျက်ယာဉ်များကို အရေးယူခဲ့တဲ့ ဖြစ်စဉ်ပေါင်း ငါးသိန်းရှစ်သောင်း ကျော်အထိ ရှိခဲ့ပါတယ်။
အဲဒီစည်းကမ်းပျက်ယာဉ် အရေးယူမှုတွေမှာ အမှုသုံးသိန်း သုံးသောင်းကျော်က မော်တော်ယာဉ် အမှုတွေဖြစ်ပြီး နှစ်သိန်း လေးသောင်းကျော်က ဆိုင်ကယ်အမှုများဖြစ်ပြီး အခြားအမှုတွေကတော့ ထော်လာဂျီ၊ သုံးဘီးနဲ့ အနှေးယာဉ်များ စည်းကမ်းချိုးဖောက်တဲ့ အမှုများဖြစ်ပါတယ်။ စည်းကမ်းပျက် ယာဉ်အရေးယူရမှု အများဆုံးကတော့ ရန်ကုန်မြို့မှာဖြစ်ပြီး၂၀၁၄ ခုနှစ်အတွင်း အမှုပေါင်းနှစ်သိန်းငါးသောင်းကျော် အရေးယူခဲ့ရပါတယ်။ အဲဒီအမှုအရေအတွက်အရ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်အတွင်း စည်းကမ်းချိုးဖောက်တဲ့ ယာဉ်အရေးယူနိုင်မှုမှာ တစ်ရက်ကို ပျမ်းမျှ ၉၀၀ ကျော်မှုအထိ ရှိနေခဲ့တာဖြစ်ပါတယ်။
သိသာစွာမလျော့ခဲ့
ဒီလိုများပြားတဲ့ စည်းကမ်းချိုးဖောက်မှု များရှိနေသလို ယာဉ်မတော်တဆမှုများကြောင့် သေဆုံးတဲ့ နှုန်းဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာနေတာတွေ့ရပါတယ်။ တရားဝင်ထုတ်ပြန်ထားချက်များအရ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်တွင်ယာဉ်တိုက်မှု ၅၉၀၉ မှုရှိ ခဲ့ပြီး သေဆုံးသူ ၁၂၉၄ ဦးရှိခဲ့ပြီး နှစ်စဉ်ယာဉ် တိုက်မှုနဲ့ သေဆုံးသူတွေတိုးလာခဲ့တာဖြစ်ပါ တယ်။၂၀၁၄ ခုနှစ်မှာတော့ယာဉ်တိုက်မှု ၁၄၉၉၇ မှုရှိခဲ့ပြီး သေဆုံးသူ ၄၃၁၃ ဦးအထိ ရှိခဲ့ပါတယ်။ ဒါဟာ ၁၀ စုနှစ်အတွင်းယာဉ် တိုက်မှုဟာ သုံးဆနီးပါးနဲ့ယာဉ်တိုက်မှုကြောင့် သေဆုံးသူများဟာ လေးဆနီးပါးအထိ တိုးလာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အခြားမြို့များထက် ရန်ကုန်မြို့မှာ သုံးစွဲနေတဲ့ယာဉ်စီးရေဟာ ပိုပြီးများပြားတာ ဖြစ်ပါတယ်။ သိရသလောက်ဒီလို ယာဉ်တိုက်မှုဖြစ်စဉ်တွေ တိုးလာတဲ့ ဆယ်စုနှစ်အတွင်းမှာ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော အရေးယူမှုပုံစံမျိုးစုံ လုပ်ဆောင်ခဲ့တာတွေရပါတယ်။ ဥပမာအားဖြင့် ယခင်အစိုးရလက် ထက်တုန်းက ရန်ကုန်မှာအရေးယူခဲ့တဲ့ ကျပ် ၁၅၀၀ သာ ကျသင့်တဲ့ဒဏ်ငွေမှာ စီမံခန့်ခွဲ မှုဒဏ်ငွေအဖြစ်ကျပ် ၅၀၀၀၀ အထိ ထပ်ပေါင်းထည့်ပြီး အရေးယူမှုတွေ လုပ်ခဲ့စဉ်တုန်းကလည်း စည်းကမ်းချိုးဖောက်တဲ့ယာဉ်တွေ သိသိသာသာ လျော့ကျမသွားခဲ့ပါဘူး။ စည်းကမ်းချိုးဖောက်လိုက်၊ မိသွားရင်ငွေလေး သွားဆောင်လိုက်၊ ညှိနှိုင်းပြီးဖြေရှင်းလိုက်နဲ့ပဲ ပြီးခဲ့ကြတာ ဖြစ်ပါတယ်။
အမှတ်ဖျက်စနစ်
ဒီနေရာမှာ မေးစရာရှိတာက ပြစ်ဒဏ်တွေတိုးမြှင့်လိုက်တိုင်း အမှုတွေလျော့သွား သလားဆိုတာပါ။ တချို့ကတော့ဒီလိုပြစ် ဒဏ်တွေတိုးမြှင့်ခြင်းဟာ အခြားအလွဲ သက်ရောက်မှုကို ဖြစ်စေသလား (ယာဉ်စည်းကမ်း ချိုးဖောက်မှုကို ညိနှိုင်းဖြေရှင်းကြခြင်း) လို့လည်း ဝေဖန်ပြောဆိုကြသူတွေ ရှိပါတယ်။ ဆိုလိုတာက တချို့ကအချိန်ကုန်မှာစိုးလို့ ဖြစ်တဲ့နေရာမှာ ဖြစ်တဲ့ပုံစံနဲ့ရှင်းတဲ့အခြေအနေရှိနေသလို ခရီးသည်တင်ယာဉ်တွေ အချို့ကလည်း ဒဏ်ငွေရိုက်ခံရတဲ့အကြိမ် ဘယ်လောက်များများ ဆက်ပြီးတော့ စည်းကမ်းမဲ့စွာမောင်းနှင်ဖို့ ဝန်မလေးကြတာ တွေ့ရပါတယ်။ တချို့ကလည်း လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ယာဉ်စီးကမ်းလမ်းစည်းကမ်း ချိုးဖောက်နေကြသူတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေလည်း လူမှုကွန်ရက်တွေမှာ ဓာတ်ပုံနဲ့တကွ ပျံ့နှံ့နေတာ တွေ့ရဖူးပါတယ်။
ဒီတော့ စဉ်းစားသင့်တာက ငွေဒဏ် တွေချတာ၊ ပြစ်ဒဏ်တွေတိုးချနေတာထက် ဘယ်လိုနည်းနဲ့ ဖြေရှင်းရင်ရနိုင်မလဲဆိုတာ စဉ်းစားသင့်ပါတယ်။ အကြိမ်ကြိမ်အခါခါ စည်းကမ်းဖောက်ဖျက်နေတဲ့သူကို တစ်ခါလာ လည်း ကျပ် ၁၅၀၀၊ တစ်ခါလာလည်း ကျပ် ၁၅၀၀ နဲ့ ဒဏ်ရိုက်နေရုံနဲ့ မပြီးပါဘူး။ အခြားပုံသဏ္ဌာန်တွေနဲ့ လုပ်ဆောင်ဖို့ စဉ်းစားသင့်ပါတယ်။ အချို့ကတော့ နိုင်ငံတော်တော်များများမှာ ကျင့်သုံးနေတဲ့ အမှတ်ဖျက်စံနစ်ကို ကျင့်သုံးကြဖို့ အကြံပြုကြတာ ဖတ်ရဖူးပါတယ်။
အမှတ်ဖျက်စနစ် ဆိုတာက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သူက ချိုးဖောက်တဲ့ ဖြစ်ရပ်အလိုက် ယာဉ်မောင်းလိုင်စင်မှာ အမှတ်ကလေးတွေ မှတ်သွားပြီး သတ်မှတ်ချက်တစ်ခု (ဥပမာအားဖြင့် အမှတ် ၁၀ မှတ်ဖျက်ပြီးပါက လိုင်စင် ၆ လပိတ်) စသဖြင့် အရေးယူတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်က ယာဉ်မောင်းသူများကို ယာဉ်ကို ထိန်းထိန်းသိမ်းသိမ်းမောင်းနှင်ဖို့ သတိပေးနိုင်တဲ့ စနစ်လို့ဆိုကြပါတယ်။
ဒါ့အပြင် နိုင်ငံတော်တော်များများမှာ ကျင့်သုံးနေတဲ့ မော်တော်ယာဉ်ကိုစည်းကမ်းမဲ့ ယာဉ်မောင်းနှင်ခြင်းအတွက် အများသက်ဆိုင်တဲ့ လူထုအကျိုးပြု လုပ်ငန်းများတွင် သတ်မှတ်ထားတဲ့ နာရီအတိုင်းအတာတစ်ခု စေတနဝန်ထမ်းအဖြစ် လုပ်ကိုင်ပေးရတဲ့ အရေးယူမှုမျိုးဟာလည်း ယနေ့ရန်ကုန်မြို့ မည်သူမှ လူမထင်ဘဲ ရမ်းကားစွာ မောင်းနှင်သူများအတွက် ထိရောက်တဲ့အရေးယူမှု ဖြစ်နိုင်ပါတယ်။ အခြားနိုင်ငံတွေမှာတော့ ထင်ရှားကြော်ကြား သူတွေတောင် ယာဉ်ကိုမဆင်မခြင် မောင်းတဲ့အတွက် အများပြည်သူဧရိယာတွေမှာ သန့်ရှင်းရေး လုပ်ငန်းကအစ ပြန်ပြီးလုပ်ကိုင်ကြရတာကို နိုင်ငံတကာမီဒီယာတွေ မှာ မကြာခဏ တွေ့ရမှာဖြစ်ပါတယ်။
ပြောချင်တာက အရေးယူပြီး ဒဏ်ငွေရိုက်နေရုံ၊ ပြစ်ဒဏ်တွေ တိုးမြှင့်ရုံနဲ့ စည်းကမ်းမဲ့တာတွေ၊ ယာဉ်တိုက်မှုတွေကို လျော့ကျသွားအောင်လုပ်ဖို့ မလွယ်ဘူးဆိုတာပါ။ အရေးယူတဲ့နည်းလမ်းတွေ၊ ဥပဒေတွေရဲ့ အဓိကအသက်ဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်သင့်ပါတယ်။ အပြစ်ပေးရေးသက်သက် မဖြစ်သင့်ပါဘူး။
ဒီအတွက်လူတွေကိုလက်တွေ့ကျကျ ပြုပြင်ပြောင်းလဲလာအောင် ဖော်ဆောင်ပေးနိုင်တဲ့ အရေးယူမှု ပုံသဏ္ဌာန်တွေကသာ ရေရှည်မှာ အများကလည်း လက်ခံပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးရှိစေမှာ ဖြစ်ပါကြောင်း စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများနဲ့ ကြုံတွေ့နေရသူများကိုယ်စား ရေးသားတင်ပြ လိုက်ရပါတယ်။

Most Read

Most Recent