လမ်းမီးတွေက ပျက်နေတယ်။ ညကလည်း နက်သထက် နက်လာတယ်။ ရေတွေလည်း လမ်းတွေပေါ်မှာ အပြည့်။ နာကျင်စရာ ရှုခင်းအစုံစုံကို မျိုချရင်းနဲ့ တဖြည်းဖြည်း အသားကျလာရတဲ့ ရန်ကုန်မြို့။ သင့်ရင်ခွင်ထဲ နေထိုင်သူ တစ်ယောက်ရဲ့ညဟာ လန်းဆန်းခြင်းမရှိ။ ပကတိထိုင်းမှိုင်းလို့ နေတယ်။
အကြိမ်ကြိမ် အသုံးတော်ခံလို့ မပြီးတဲ့ လမ်းပြုပြင်ရေးတွေ။ ရေဆိုးရေညစ်ဖယ်ရှားရေး အားထုတ်မှုတွေ။ သစ်ပင်တွေ၊ ယိုင်လဲနေတဲ့ သစ်အိုတိုင်တွေပေါ်မှာ အဆင်ပြေသလို ပစ်တင်ထားတဲ့ လျှပ်စစ်မီးကြိုးတွေ။ လမ်းဘေးမှာ တွေ့သလို ကြုံသလို ပစ်ထားတဲ့ အမှိုက်တွေ။ ဒါတွေအားလုံးဟာ သင့်သားသမီးတွေရဲ့ ဆိုးသွမ်းမှု ပြယုဂ်တွေလား ရန်ကုန်ရယ်။
အတွေးတွေ။ လူတွေ သိပ်မသိနိုင်တဲ့ အတွေး။ မမျှတတဲ့ လူမှုနေမှုဘဝကို တွေးမိတဲ့ အတွေး။ ပြိုင်ကားတစ်စီး ဝှီးခနဲ မောင်းထွက်သွားချိန်မှာ အမှိုက်ကောက်နေတဲ့ ကလေးတစ်ယောက်ရဲ့ ဆံပင်တွေ လေထဲလွင့် သွားတယ်။ ခြားနားလွန်းတဲ့ အခြေအနေ တစ်ရပ်မှာ သူတို့သယ်ဆောင်ထားတဲ့ အတွေးတွေက သင့်အတွက်ရော၊ ငါတို့ နိုင်ငံကြီးအတွက်ပါ တစ်စုံတစ်ရာ အကျိုးရှိနိုင်ပါတော့မလား။ ပလက်ဖောင်းထက်က ခြေရာတွေပေါ် ငိုသံတွေ တွယ်ကပ်နေတယ်။
စိုးရိမ်ပူပန် ပေးရမယ့်သူတွေကတော့ အပုံအပင်ပါပဲ။ မျက်ဝန်းထဲမှာ အိပ်မက်တွေ အငွေ့ပြန်နေသူ အိမ်ခြေမဲ့ တစ်ယောက်အတွက် ပူပန်မိတယ်။ နောက်ပြီး ယိုင်တိုင်တိုင်နဲ့ အော်ဟစ်ဆဲဆိုလို့ အရှေ့က ဖြတ်လျှောက်သွားတဲ့ လူငယ်တွေအတွက်လည်း ပူပန်မိတယ်။ ကျိန်စာသင့်နေတဲ့ အနာဂတ်တွေဟာ သင့်ရဲ့သားသမီးတွေအတွက် ဆေးမင်ကြောင် ထိုးထားသလိုပါပဲလား ရန်ကုန်ရယ်။ ဒဏ်ရာတွေပေါ်မှာ ကြိတ်မနိုင်ခဲမရ မျက်ရည်တွေ တစ်စက်ချင်း ကြွေဆင်းလို့လေ။
တစ်ခါက။ ဟိုအရင်တစ်ခါက ရန်ကုန်ရဲ့ ခန္ဓာကိုယ်ဟာ အရမ်းလှပလွန်းတယ်တဲ့။ ကွယ်လွန်သွားပြီဖြစ်တဲ့ စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယုက စင်ကာပူကို တည်တော့ ရန်ကုန်ကို အားကျမိသတဲ့။ နေရောင်လာရောက်မယ့် ပုံစံကိုတောင် တွက်ချက်တည်ဆောက်ထားတဲ့ မြို့ကွက်။ အိမ်တစ်အိမ်ဟာ မနက်ရော၊ ညနေရော နေရောင်နဲ့ ထိတွေ့ခွင့်မရရင် ကျန်းမာရေးအရ လူတွေအတွက် အားနည်းချက် ဖြစ်စေတယ်လို့ မြို့ကို မွမ်းမံသူတွေက အဲဒီတုန်းက စဉ်းစားခဲ့ကြတယ်။ သင်ဟာ အဲဒီလောက်ထိ ဂရုစိုက်တာကို ခံခဲ့ရဖူးတာပါလား။
စနစ်ကျတဲ့ ရေနုတ်မြောင်းတွေ၊ ခိုင်ခံ့တဲ့ အစိုးရအဆောက်အအုံတွေ၊ ကမ္ဘာ့နိုင်ငံများစွာက သဘောကျရတဲ့ လမ်းဘေးပလက်ဖောင်း အကျယ်ကြီးတွေ။ ကစားဖူးခဲ့တဲ့ ကလေးတွေအတွက်တော့ တစ်ချိန်က ပလက်ဖောင်း အကျယ်ကြီးတွေဟာ သူတို့ရဲ့မိခင် ရင်ခွင်ကျယ်ကြီးလို။ ရန်ကုန်ရဲ့ ခမ်းနားမှုက အခုချိန်အထိ မြင်နေရတုန်း။ ဓာတ်ပုံဟောင်းတွေထဲမှာ။ အာရှရဲ့ အလှပဆုံးသော အတိတ်တစ်ခု။
ရန်ကုန်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို ရှာဖွေမိတယ်။ အာဏာ၊ ရမ္မက်၊ အလိုဆန္ဒ ပြင်းပြခဲ့သူတွေ။ အာဏာကြောင့် သင်ဟာဒဏ်ရာတွေ ရခဲ့တယ်။ သွေးတွေ စွန်းပေခဲ့တယ်။ အလိုဆန္ဒကို မလွန်မြောက်နိုင်သူ တွေကြောင့် သင့်ရဲ့အလှဟာ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ချွတ်ခြုံကျလာခဲ့တယ်။ သင်ကျန်းမာရေး မကောင်းတာကို သိလျက်နဲ့ သင့်ကို အသုံးပြုဖို့ ကြိုးစားကြတဲ့သူတွေ။ လက်ယောင်လိုက်ရုံသာမက အမာရွတ်တွေကနေ သွေးစိမ်းကျတဲ့အထိ အကိုင်အတွယ် ကြမ်းခဲ့သူတွေ။
တစ်နှစ်ပြီး နောက်တစ်နှစ်ပဲ။ လုပ်ပိုင်ခွင့်ဆိုတဲ့ စကားသံဟာ သင့်ဘဝကို ခြိမ်းခြောက်ဖျက်ဆီး ပစ်ခဲ့တယ်။ ပုံပျက်သွားပြီ ရန်ကုန်။ မျက်ဝန်းမှာ သွေးစတွေနဲ့။ ဥပဒေရဲ့ အကာအကွယ်အောက်မှာ အသက်မမွေးရတဲ့ ပြည့်တန်ဆာ တစ်ယောက်လို အချိန်တိုင်း ကြောက်လန့်နေခဲ့ရတယ်ပေါ့။ ပရောဂျက်ဆိုတဲ့ အသံကြားတိုင်း သင်ငိုနေတာလား။
ဒုတိယဆိုတဲ့ နေရာကို အလိုလိုရောက်သွားရလို့ စိတ်မကောင်းမဖြစ်ပါနဲ့လို့ ပြောတော့ သင်က ရယ်မောတယ်။ အဲဒါထက်ပိုပြီး စိတ်မကောင်း ဖြစ်သင့်တဲ့အရာတွေ သင့်ရင်ထဲမှာ ရှိနေတာ ငါ သိသင့်ပါရဲ့။ ဟုတ်တယ်။ သင့်ခံစားချက်ကို နားလည်တယ်။ ဟိုအရင်လို လူတွေ စာမဖတ်ကြတော့ဘူး။ ပညာရေးတွေ မြို့ပြင်ရောက်ကုန်ပြီ။ သင့်ရင်ခွင်ထဲက ထွက်ပြေးသွားပြီ။ သင်လည်း ပညာမဲ့တဲ့ သားသမီးတွေနဲ့အတူ စိတ်ဆင်းရဲရပြီ။ ဒါကို နားလည်သဘောပေါက်မိပါရဲ့။
သမိုင်းမှာ အာဏာရှင်စနစ်ဟာ အကြိမ်ကြိမ်အခါခါ ကျဆုံးရတယ်။ ဘာကြောင့်လဲ။ အာဏာရှင်တွေက သူတို့အုပ်ချုပ်ရသူတွေရဲ့ ပညာရေးကို သတ်ဖြတ်ပစ်ဖို့လောက်အထိ မရက်စက်ရဲလို့ပါတဲ့။ ဒါပေမဲ့ လုပ်ရက်သူတွေရဲ့ လက်ထဲမှာတော့ အာဏာက အရာရာကို ဖျက်ဆီးနိုင်စွမ်း အားကြီးပါရဲ့။ ကိုယ့်သားသမီး တစ်ယောက်ကို ကိုယ့်အရှေ့မှာ ညှဉ်းပန်းနှိပ်စက်တာ မြင်ရတော့ နှလုံးအိမ်ထဲထိ စူးနင့်တဲ့ဝေဒနာ ခံစားရတဲ့ မိခင်တစ်ယောက်လို သင်ခံစားခဲ့ရတာပေါ့။ ဘီရိုထဲမှာ တစ်သက်လုံး သိမ်းထားလိုက်တဲ့ စာအုပ်တွေလို သင့်ရဲ့ပခုံးထက်မှာ တည်ဆောက်ထားတဲ့ တက္ကသိုလ်တွေဟာ ပညာရေးကို အသက်မပါဘဲ မိုးကာပေးခဲ့ရတော့ တန်ဖိုးကို အသုံးမပြုရဘဲ သံချေးကိုက်လို့ ကုန်သွားတဲ့ ဓားတစ်လက်လို အားမလိုအားမရ လက်သီးဆုပ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ သင့်သားသမီးတွေလည်း ဘာကို အပြစ်တင်ရမယ်မသိ။ ဘာကို ဖက်တွယ်ရမယ် မသိနဲ့ လမ်းပျောက်ခဲ့ကြတယ်။
အပြင်ဘက်ကို လှည့်မကြည့် ဖြစ်တော့တဲ့အကြောင်း သင်ပြောမှ ပိုဝမ်းနည်းရတယ်။ ဟုတ်ပါရဲ့။ တစ်ချိန်က သင့်ကို အထင်ကြီး အားကျလေးစားတဲ့ မြို့တွေရဲ့ မျက်ဝန်းတွေမှာ အထင်သေးကဲ့ရဲ့ခြင်းရဲ့ အခိုးအငွေ့တွေ ခြုံလွှမ်းထားပြီ။ လှမ်းမကြည့်ပါတော့နဲ့ ရန်ကုန်ရယ်လို့ ဖျောင်းဖျပေးရမှာလား။ တစ်နေ့ အဆင်ပြေမှာပါလို့ နှစ်သိမ့်ရမှာလား။ သင့်ဆီလာပြီး ပညာရေနို့ သောက်စို့ခဲ့ကြဖူးတဲ့ သူတို့ သားသမီးတွေဟာ အခုတော့ ပညာတတ် ရင့်ကျက်ရုံမက အသစ်အသစ်သော ပျိုးပင်လေးတွေကိုတောင် အညွှန့်တွေ တလူလူ ပေါ်ထွက်စေခဲ့ကြပြီ။ မဟာလူတန်းစားတွေရဲ့ ရွှေရောင်အိပ်မက်တွေ ငါတို့နဲ့ အလှမ်းဝေးရက်ပါ့။
ထားလိုက်ပါတော့။ ဒါတွေ ထားလိုက်ပါတော့။ ဆက်ပြောလို့ သင်ပင်ပန်းမှာ ငါမြင်မိပါရဲ့။ ဒါပေမဲ့ အားပေးနှစ်သိမ့်ပါရစေ။ နေကောင်း အောင်နေပါ။ အာဟာရဖြစ်အောင် နေပါ။ အရှည်မတွေးသူတွေ၊ ကတိမတည်သူတွေ၊ တစ်ဖို့တည်းသမားတွေရဲ့ လက်အောက်မှာ ဆယ်စုနှစ်များစွာ သင်နေခဲ့ရတာ ဒီလောက်တော့ ခံစားခဲ့ရမှာပေါ့။ စိတ်ဖြေပါ။
ဒါလေးကို မှတ်သား။ ဘဝထဲကို အရာနှစ်ခုက ပုံမှန်လာရောက်တယ်တဲ့။ တစ်ခုက ကောင်းချီးမင်္ဂလာ၊ တစ်ခုက သင်ခန်းစာ။ အရာရာဟာ ကိုယ့်အတွက် လှေကားထစ်တွေပါ။ အဆိပ်သင့်နေတဲ့ သားသမီးတွေရဲ့ အသိပညာနဲ့ အတွေးအခေါ်ကို ကုသပေးဖို့ အသက်ရှင်နေသရွေ့ သင့်မှာ တာဝန်က ရှိနေဦးမှာလေ။ စိတ်ဓာတ်မကျနဲ့ ရန်ကုန်။ မျက်ရည်လည်း လွယ်လွယ်မကျစေနဲ့။ ထပ်ကြုံရမယ့် အခက်အခဲတွေမှာ သင်ရရှိခဲ့တဲ့ သင်ခန်းစာတွေက စကားပြောလိမ့်မယ်။ ငါလည်း သင်နဲ့အတူ ရင်ဆိုင်နေခဲ့တယ်။ ရင်ဆိုင်နေဦးမယ် …..။










