၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကာတာစင်တာတို့ MoU လက်မှတ်ရေးထိုး

၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကာတာစင်တာတို့ MoU လက်မှတ်ရေးထိုး
Published 27 May 2015
ကျော်ဇင်ဝင်း

၂၀၁၅  ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်စောင့်ကြည့်လေ့လာရန် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သည့်  ကာတာစင်တာနှင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ မေ ၂၆ ရက်က MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
 
ထိုသို့ လာရောက်လေ့လာရာတွင် ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာပြီးနောက်ပိုင်းမှစ၍ ရွေးကောက်ပွဲပြီးသည်အထိ ရက်ရှည်လေ့လာရေးနှင့် ရွေးကောက်ပွဲရက်ပိုင်းအတွင်း ရက်တိုလေ့လာရေးဟူ၍ နှစ်မျိုးနှစ်စား လေ့လာနိုင်ရန် စီစဉ်ထားသည်။
 
“ရွေးကောက်ပွဲမှာ ဒို့က  Long term  လေ့လာစောင့်ကြည့်သူကို ရွေးကောက်ပွဲ စကြေညာပြီဆိုတာနဲ့ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဘယ်လိုလုပ်တယ်ဆိုတာကအစ အဲဒီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ဘယ်ကဲ့သို့ စည်းရုံးသလဲ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုစည်းရုံးသလဲ။ အဲဒါတွေနဲ့ပတ်သက်ပြီး မီဒီယာတွေက ဘယ်လိုရေးကြသားကြသလဲ။ ဒါမျိုးတွေကအစ။ ငွေကြေးဘယ်လိုသုံးစွဲသလဲ။ သူတို့က Check လုပ်မယ်။ ကော်မရှင်ကိုလည်း သူကလေ့လာမယ်။ ကော်မရှင်က လည်း ဘာတွေလုပ်နေသလဲ။ မဲစာရင်းတွေ ဘယ်လိုလုပ်နေသလဲ။ မဲပေးတဲ့စနစ်တွေ ဘယ်လိုလုပ်နေသလဲ။ မဲရုံဝန်ထမ်းတွေကို ဘယ်လိုသင်တန်းပေးလဲ။ အဲဒါက Long term လေ့လာစောင့်ကြည့်သူ သုံးလ၊ လေးလလောက်ရှိမယ်။ ပြီးရင် ရွေးကောက်ပွဲနေ့ နေမယ်။ ရွေးကောက်ပွဲပြီးရင် ကန့်ကွက်လွှာတွေ တင်ကြရင်လည်းစစ်မယ်။ စစ်တာတွေကိုလည်း သူတို့ကစောင့်ကြည့်မှာ။ ဘယ်လိုဆုံးဖြတ်သလဲ။ ဘယ်အချိန်ပြီးသွားမလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်တက်ပြီး ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ ခင်ဗျားတို့ပြန်တော့လို့ပြောထားတယ်။ အဲဒီကာလအထိ သူတို့ကရှိမှာဖြစ်တာကြောင့် ဒို့က MoU ထိုးရတာဖြစ်တယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။
 
ထို့ပြင် ဥရောပသမဂ္ဂ (EU) နှင့်လည်း MoU လက်မှတ်ရေးထိုးနိုင်ရန် စာချုပ်မူကြမ်း ရေးဆွဲပြီးဖြစ်ကြောင်းနှင့် အာဆီယံဒေသတွင်း မှ ရွေးကောက်ပွဲကော်မရှင်များကိုလည်း ရွေးကောက်ပွဲနေ့မတိုင်မီ သုံးလေးရက်အလိုတွင် ရက်တိုလေ့လာရေးအဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 
 
ယခင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံရှိ သံတမန်အသိုင်းအဝန်းမှသာ ရွေးကောက်ပွဲကျင်းပသည့်ရက်၌ ကြည့်ရှုလေ့လာမှုများရှိခဲ့ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ပြည်ပမှအဖွဲ့အစည်းများအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များတွင် မရှင်းလင်းသည့်အချက်များကို မေးမြန်းခွင့်ရှိသော်လည်း ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလများ၏ လုပ်ငန်းစဉ်များတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အဟန့်အတားမဖြစ်စေရကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးချင်းအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယင်းတို့၏ ပုဂ္ဂလိကသဘောထားအမြင်များ၊ သုံးသပ်ချက်များကို မီဒီယာသို့ တင်ပြခွင့်မရှိဘဲ  အဖွဲ့အစည်းများ၊ အစုအဖွဲ့ များသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သဘောထားမှတ်ချက်များကို တာဝန်ခံပုဂ္ဂိုလ်များကသာ ထုတ်ပြန်ရန် သေချာစေရမည်ဖြစ်ကြောင်းနှင့် စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများသည် ယင်းတို့၏ တွေ့ရှိချက်များ၊ နည်းလမ်းများ၊ အကြံပြုချက်များကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း ပါဝင်သည်။ မြန်မာနိုင်ငံသို့ လာရောက်မည့် မည်သည့်အဖွဲ့အစည်းမဆိုရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်သည်။                         

Most Read

Most Recent