လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအဝင် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး

လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအဝင် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး
Published 22 May 2015
စိုးမင်းထိုက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကန်တို့သည် မေ ၂၁ ရက်က နေပြည်တော်တွင် တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လှေဖြင့်ရွှေ့ပြောင်းနေသည့် ဒုက္ခသည်များအရေး အပါအဝင် ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာဘက်မှ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများအပြင် သမ္မတရုံးပြည်ထောင်စု ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “အမေရိကန်အဖွဲ့နဲ့ အခုဆွေးနွေးတာကတော့ လှေတွေနဲ့ ရွှေ့ပြောင်းနေတဲ့ ကိစ္စတွေ ဆွေးနွေးတယ်။ အမေရိကန်ဘက်ကတော့ ဒီလူတွေကို လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးဖို့ သူတို့ကပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အတိုင်း ဟိုဘက်ကို ရောက်နေတဲ့ ဒီလူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါ၊ မပါ စိစစ်မယ်။ စိစစ်လို့ မြန်မာနိုင်ငံသား မှန်ကန်တယ်ဆိုရင်တော့ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ လုပ်မယ်ဆိုပြီး ပြန်လည်ဆွေးနွေး ကြပါတယ်” ဟု မီဒီယာများကို ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ ရေပိုင်နက်ထဲတွင် ဒုက္ခသည်များ ရောက်လာသည်ဆိုပါက လိုအပ်သည့် စိစစ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိစစ်မှုများ ပြီးစီးပါက သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ပေးမည် ဖြစ်ကြောင်း၊ မကြာခင်က ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးကိစ္စကိုလည်း ရှင်းပြခဲ့ကြောင်း ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ လာမည့် ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်မည့် အစည်းအဝေးကိုလည်း တက်ရန် စီစဉ်နေကြောင်း၊ သို့ရာတွင် မည်သူက ခေါင်းဆောင်မည်၊ မည်သူတွေ ပါမည်ဆိုသည်ကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံနှင့် ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဆွေးနွေးရာမှာလည်း ဒီဒုက္ခသည်တွေ ကိစ္စနဲ့ပတ်သက်လို့ ရေရှည်လုပ်ရမှာဖြစ်တယ်။ ဒီလူတွေကို မှောင်ခိုလုပ်နေတဲ့ မှောင်ခိုဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းပြီး ဖြေရှင်းနိုင်ဖို့က အရေးကြီးကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။
ထို့ပြင် အရေးကြီးဆုံးဖြစ်သည့် မြန်မာ့ရေပိုင်နက်အတွင်း ဖြတ်သန်းသွားလာမှုများ ရှိနေသည်ဆိုပါက ကူညီကယ်ဆယ်နိုင်ရန် ကိစ္စများ၊ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်နိုင်မည့်ကိစ္စများ ဆောင်ရွက်ရန်အတွက် ဒုတိယသမ္မတ(၂) ဦးဉာဏ်ထွန်း ဦးစီးပြီး ဆောင်ရွက်ရန် သမ္မတကြီးက တာဝန်ပေးထားကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
 

Most Read

Most Recent