ကျွနု်ပ်တို့ အကျယ်လောကသားများ

ကျွနု်ပ်တို့ အကျယ်လောကသားများ
Published 20 May 2015
တက္ကသိုလ်မိုးဝါ

လောက,က စာရေးသူတို့ကို နေခွင့်ပြုထားသောကြောင့် လောက၏ ကျယ်ဝန်းသော မြေနေရာပေါ်တွင် နေခွင့်ရခဲ့ကြခြင်း ဖြစ်သည်။ မြေပေါ်ရှိ လေထုလွှာကြီးကိုလည်း ငွေကြေးတစ်စုံတစ်ရာ မကုန်ဘဲ လွတ်လပ်စွာ ရှူရှိုက်ခွင့် ရကြသည်။  ‘လွတ်လပ်စွာ’ ဟူသော စကားလုံးကို သုံးမိသဖြင့် အမှန်စင်စစ် တကယ်လွတ်လပ်ပါ၏လော။ လောကသည်ကော၊ ဆိုးဆိုးကောင်းကောင်း၊ လူမိုက်လူလိမ္မာ စသည့် လူတိုင်းကို လွတ်လပ်စွာနေရန် ခွင့်ပြုထားပါ၏လော။ လူအများကတော့ ပြောမည်။ လောကသည် သက်မဲ့ပဲ၊ သူ့ဘာသာ ခွင့်မပြုလည်း ကိုယ့်ဘာသာနေနေ၍ ရနေသည်ပဲဟု ပြောလိမ့်မည်။ မည်သူ့ကိုမျှ ဂရုစိုက်ရန် မလိုဟု။မှန်သင့်သလောက်တော့ မှန်သည်။ လောကသည် သက်မဲ့ဖြစ်၍ လူ့လောက၌ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်ဆဲရှိနေသော ဖြစ်စဉ်များအား လက်ပိုက်ကြည့်နေရုံမှတစ်ပါး မည်သို့မျှ မတတ်နိုင်စွမ်းပါဟုပြောလည်း မှန်သင့်သလောက် မှန်မည်ဖြစ်သည်။ လောကသည် သက်မဲ့ဖြစ်သည်ဟူသော အယူအဆမှာ မှန်သည်ဟု ဆိုနိုင်သော်လည်း မမှန်ပါဟုလည်း ဆိုနိုင်သည်။ တကယ်တမ်းတွင်မူ လောကတွင် အသက်ရှိသည်။ အသက်ရှိ၍လည်း နေထိုင်သူ လူသတ္တဝါအားလုံးကို မခွဲခြားဘဲ ဆက်ဆံသည်။ လူသတ္တဝါတို့အား ကြီးနိုင်ငယ်ညှဉ်း ပြုမူခြင်း၊ လူ့အခွင့်အရေး ပိတ်ပင်တားဆီးခြင်း စသည့်စနစ်ဖြင့် ခွဲခြားဆက်ဆံမှုများမှာ လူကိုယ်တိုင်က ပြုလုပ်နေခြင်း ဖြစ်သည်။ လောက,က ပြုလုပ်နေခြင်း မဟုတ်။လောကအကျယ်တွင် နေထိုင်ရန် လောကက ခွင့်ပေးထားသော်လည်း လောကအကျဉ်းဟူ၍ လူတွေကိုယ်တိုင်က ဖန်တီးလိုက်ကြသေးသည်။ မှန်ပါသည်။ အကျဉ်းလောကသည်လည်း တစ်နည်းတစ်ဖုံရှိရန် လိုအပ်သည်။ ခိုးဆိုးရမ်းကား လုယက်သတ်ဖြတ်မှု၊ လူတို့က ပြစ်မှုဟူ၍ ဥပဒေဖြင့် ညွှန်းဆိုထားရှိသော မတရားမှု၊ ဒုစရိုက်မှု စသည်တို့ကို ကျူးလွန်သူများအတွက် အကျဉ်းလောက လိုအပ်နေပေဦးမည်။ သို့သော် အမှန်ဖြစ်ပျက်နေသည်က သတ်မှတ်ထားချက်နှင့် ကွဲလွဲနေသည်။ အမှန်တရားဘက် ရပ်တည်သူနှင့် ရသင့်ရထိုက်သော လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုသူများသည်လည်း လောကအကျဉ်းထဲသို့ မတရားသဖြင့် ရောက်နေကြသည်။အကျဉ်းနှင့် အကျယ်ဟူသော ဝေါဟာရများ၌ အကျဉ်းသည် အခန်း၊ အိမ်၊ ခြံ၊ မြေ နေရာစသည်တို့ကို ရည်ညွှန်းခြင်း ဖြစ်သကဲ့သို့ အကျယ်သည်လည်း ထိုနည်းနှင်နှင် ဖြစ်သည်။ ကျဉ်းသည်၊ ကျယ်သည်ဆိုခြင်းမှာ တစ်ခုနှင့်တစ်ခု နှိုင်းရသဘော (Relative) သာဖြစ်သည်။  အကျဉ်းနှင့် အကျယ်သည် တကယ်တမ်း သူ့အဓိပ္ပာယ် သူဖော်ဆောင်နေစေကာမူ အကျဉ်းဆိုတိုင်းလည်း ကျဉ်းမြောင်းပြီး သေးငယ်သောသဘော ဖြစ်ချင်မှ ဖြစ်မည်။ အကျယ်ဆိုတိုင်းလည်း ကျယ်ဝန်းပြီး ကြီးမားသောသဘော ဟုတ်ချင်မှ ဟုတ်မည်။ ပြီးတော့ ဓမ္မသဘောအရ အကျဉ်းနှင့် အကျယ်တို့သည် ပညတ်များသာ ဖြစ်သည်။ ပရမတ်သဘော မဆောင်ပါ။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ်သဘောတရား လေးပါးသာ တကယ်ရှိသောကြောင့် ကျန်သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးသည် တရားကိုယ် တရားသားအနေဖြင့် တကယ်မရှိကြောင်း အများသိပြီး ဖြစ်ပါလိမ့်မည်။ အဆိုပါ အကျဉ်း၊ အကျယ် (အခန်းအိမ်၊ ခြံ၊ မြေ နေရာ) တို့သည် တကယ်မရှိသော ပညတ်များ ဖြစ်သော်လည်း ယင်းတို့ကို ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာဓာတ်တည်းဟူသော ပရမတ်တရားဖြစ်သည့် ရုပ်ဓာတ်ရှစ်ပါးဖြင့် ဖွဲ့စည်းထားသည်မှာ အထင်အရှားဖြစ်သည်။  လောကအမြင်ဖြင့် ကြည့်ပါက အိမ်ခန်းကျဉ်းထဲတွင် နေရသော မိသားစုတစ်စုသည် တစ်ဦးနှင့်တစ်ဦး မျှတညီညွတ်ကာ ချမ်းမြေ့ပျော်ရွှင်နေသည်ဆိုလျှင် ထိုနေရာအကျဉ်းကို နွေးထွေးလွတ်လပ်သည့် နေရာတစ်ခုအဖြစ် ထိတွေ့ခံစားနိုင်ကြမည် ဖြစ်သည်။ မည်သည့်ကိစ္စမဆို အနှောင်အဖွဲ့ကင်းသည့် စိတ်လွတ်လပ်မှုကို ခံစားရသောအခါ လှောင်ပိတ်နေသော အခန်းကျဉ်းကလေးပင် ဖြစ်နေပါစေ၊ ထိုနေရာသည် ကျဉ်းမြောင်းမွန်းကျပ်သော နေရာအဖြစ်မှ ကျယ်ဝန်းလွတ်လပ်သော နေရာတစ်နေရာ အဖြစ်သို့ ပြောင်းလဲသွားသည်။အလားတူပင် အိမ်ခြံအကျယ်ကြီး၌ နေပင်နေရငြားလည်း နေထိုင်သူ တစ်ဦးနှင့်တစ်ဦး တစ်နေ့တစ်နေ့ မဆုံမိကြရုံမျှမက နွေးထွေးမှုလည်းမရှိ၊ သိမ်မွေ့ပျော့ပျောင်းသော ဆက်ဆံမှု ပျောက်ဆုံးနေလျှင်လည်း ထိုအိမ်ခြံမြေသည် ကျဉ်းကျပ်လှောင်ပိတ်သော နေရာတစ်နေရာသာ ဖြစ်သွားမည်။ သူတို့၏ ကမ္ဘာကြီးသည် လွတ်လပ်မှုကင်းမဲ့သည့် ဌာနေတစ်ခု ဖြစ်သွားမည်။တကယ်တမ်းဆိုလျှင် လောကလူသား အားလုံးသည် တစ်နည်းမဟုတ်တစ်နည်း အနှောင်အတုပ်ဖြင့် နာမ်ရုပ်တို့ လှုပ်မရအောင် ဖမ်းချုပ်ခံထားရသူချည်း ဖြစ်နေသည်ဟု ဆိုနိုင်သည်။ အကျဉ်းကျနေသူ တစ်ယောက်ကို ကြည့်ပါက အမှန်တကယ် အပြစ်ရှိသည် မရှိသည်ကို ဘေးဖယ်ထား၊ ထိုသူ၏ ပြစ်ချက်အတိမ်အနက် အတိုင်းအဆအလိုက် ပြစ်ဒဏ်ကျခံပြီးသောကာလသို့ ရောက်သောအခါ သော့ခလောက်နှင့်အတူ အကျဉ်းတံခါးတို့သည် အလိုလိုပွင့်သွားမည်သာ ဖြစ်၏။ အကျဉ်းကျသူ တစ်ယောက်အတွက် လွတ်မြောက်မည့်နေ့ရက်ကို အထူးမျှော်နေရန်မလို၊ သတ်မှတ်ပိုင်းခြားထားပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။စာရေးသူ အပါအဝင် အကျယ်လောက၌ ကျက်စားနေသော လူတစ်စုသည် အမှန်စင်စစ် သံသယအကျဉ်းသားများသာ ဖြစ်ကြသည်ဟု ဆိုချင်သည်။ အရောင်ဆိုးထားသည့် မျက်မှန်များ တပ်ဆင်ကာ တစ်ဦးကိုတစ်ဦး သံသယမျက်လုံးတို့ဖြင့်ကြည့်ပြီး မည်သည့်အပြစ်မှ ကျူးလွန်ခဲ့ခြင်းမရှိဟု မိမိကိုယ်မိမိ သတ်မှတ်၍ မာန်မာနကို ခဝါမချနိုင်ကြသူ ဖြစ်သည်။ အကျဉ်းကျသူများအတွက် အကျဉ်းမှ လွတ်မြောက်မည့်ရက် သတ်မှတ်ထားခြင်း ရှိသော်လည်း အကျယ်လောက၏ ‘အကျဉ်းသမားများ’ အတွက်မူ စီရင်ချက်မရှိ၊ လွတ်မြောက်ရက်မရှိ။  ပိတ်ခတ်ထားသော လောက၏ သော့ခလောက်များသည်ပင် သံချေးတက်နေပေပြီ။  ပို၍ သိသာထင်ရှားသည့် အချက်တစ်ချက်မှာ ကမ္ဘာလောကတစ်ခုလုံးအား သူသာ ပိုင်ဆိုင်သည်၊ ရေမြေတောတောင်များအား သူသာ ပိုင်ဆိုင်သည်ဟု အထင်ရောက်နေသော အာဏာရှင်နှင့် လက်ပါးစေတစ်စုတို့ ကိုယ်တိုင်အကျဉ်းကျနေကြသူများ ဖြစ်သည်ကို သတိမူမိဟန်မတူဟူသော အချက်ပင် ဖြစ်သည်။ အကျယ်လောကသားများတွင် လူတန်းစားနှစ်ရပ် တည်ရှိနေသည်ကိုလည်း ထပ်ဆင့်ပြောလိုပါသေးသည်။ ပထမလူတန်းစားမှာ လောကကျေးဇူးကို သိမြင်ပြီး လောကထံသို့ မည်သည့်အရာဖြင့်မဆို ပေးကမ်းစွန့်ကြဲ အနစ်နာခံလိုသူများဖြစ်၏။ ဒုတိယ လူတန်းစားမှာ လောကထံမှ ရနိုင်သမျှ အရာအားလုံး အဓမ္မ လုယက်ယူငင်ပြီး ကိုယ်ကျိုးအတွက်သာ တပ်မက်ခုံမင်သိမြင်သူများ ဖြစ်လေသည်။ကမ္ဘာကျော် နိုဘယ်လ်ဆုရ ဘင်္ဂါလီ ကဗျာဆရာကြီး ရာဘင်ဒြာနတ်သ်တဂိုး (Rabindranath Tagore) ရေးခဲ့သည့် ကဗျာလင်္ကာတစ်ပုဒ်ကို အလျဉ်းသင့်၍ ဖော်ပြလိုပါသည်။Power said to the world, "You are mine"The world kept it prisoner on the throne.Love said to the world, "I am thine"The world gave it the freedom of her house.‘အာဏာ’ က လောကတစ်ခွင်လုံးကို သူပိုင်သည်ဟု ပြောလိုက်သောအခါ လောကကြီးသည် အာဏာ(ရှင်) အား သူ၏ ရာဇပလ္လင်ပေါ်တင်၍ မလှုပ်နိုင်အောင် အကျဉ်းချလိုက်သည်။‘ချစ်ခြင်းမေတ္တာ’ သည် လောကအား ငါဟာ သင့်အတွက်ဟူ၍ မိမိကိုယ်ကို ပုံအပ်ပေးဆပ်လိုက်သောအခါ လောကကြီးသည် သူ၏လွတ်လပ်မှုအိမ်ကို ပြန်လည်ပေးလိုက်သည်။အနက်အဓိပ္ပာယ် နက်ရှိုင်းလှသော ဤကဗျာကို သုံးသပ်ရာတွင် လောက၏ ရေမြေတောတောင် သဘာဝစည်းစိမ်ဥစ္စာမှန်သမျှကို လိုချင်တပ်မက်သူ တစ်ယောက်ကို လောကသည် ယင်း၏ ရာဇပလ္လင်ပေါ်၌ အကျဉ်းချလိုက်ခြင်းဖြင့် ဘောင်ခတ်ပြစ်ဒဏ်ပေးတတ်ကြောင်း သင်ခန်းစာတစ်ခု ရရှိသည်။အကျယ်လောက တစ်ခုလုံးကို ပိုင်ဆိုင်လိုခြင်းမရှိဘဲ ချစ်ခြင်းမေတ္တာကိုသာ ပွားစီးပြီး သင့်တင့်မျှတစွာ နေထိုင်သူတို့အဖို့ လောက ပြန်လည်လက်ဆောင်ပါးလိုက်သည့် ‘လွတ်လပ်မှု လောကအိမ်ကြီး’ ထဲတွင် စိတ်ချမ်းသာမှု အပြည့်အဝဖြင့် နေထိုင်ခွင့်ရတတ်ကြောင်း နောက်ထပ် သင်ခန်းစာတစ်ခု ရရှိသည်။အကျဉ်းကျနေသူများအဖို့ ပြန်လည်လွတ်မြောက်မည့်နေ့ရက် အတိအကျ သတ်မှတ်ထားရှိပြီးဖြစ်သည်။  အကျယ်လောကသားများ အဖို့မူကား စီရင်ချက်မရှိ၊ သတ်မှတ်လွတ်မြောက်ရက်မရှိ၊ ရာဇပလ္လင်ပေါ် မလှုပ်မယှက်နေထိုင် အကျဉ်းကျခံရင်း ကာလကမ်းပါး တိုက်စားပြိုလဲ ပျက်စီးသွားခြင်းကို စောင့်စားနေရရုံသာ ကျန်တော့သည်။

Most Read

Most Recent