အခွန်နှင့် နိုင်ငံသားများ၏ ဝင်ငွေ

အခွန်နှင့် နိုင်ငံသားများ၏ ဝင်ငွေ
Published 20 May 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းမှာ သုံးစွဲနေတဲ့ မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်ကတ်တွေမှာ သုံးစွဲသူတွေထံမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ထည့်သွင်းကောက်ခံဖို့ ကြေညာခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုမှုတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့န့ှံသွားခဲ့ပါတယ်။လာမယ့် ၂၀၁၅ ဇွန်လ တစ်ရက်နေ့ကစပြီး ပြည်တွင်းမှာ မိုဘိုင်းဖုန်းဝန်ဆောင်မှုများ ပေးနေတဲ့ ဆက်သွယ်ရေးအော်ပရေတာ သုံးခုဖြစ်တဲ့ MPT၊ တယ်လီနော၊ Ooredoo တို့က ယင်းတို့ရောင်းချနေတဲ့ ဖုန်းငွေဖြည့်ကတ်တွေမှာ ကုန်သွယ်လုပ်ငန်းခွန်အနေဖြင့် ငါးရာခိုင်နှုန်းကို ဝယ်ယူသုံးစွဲသူတွေက ပေးဆောင်ဖို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုထည့်သွင်း ကောက်ခံရတာဟာ ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၅-၂၀၁၆ ပြည်ထောင်စုအခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ထည့်သွင်းကောက်ခံတာ ဖြစ်တယ်လို့ဆိုပြီး ပြည်ထောင်စုအစိုးရကိုယ်စား ဖုန်းအော်ပရေတာတွေက သုံးစွဲသူထံကနေ ကောက်ခံကာ အစိုးရထံ ပေးသွင်းသွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ဒါဟာ အခွန်ကောက်ခံမှုစနစ်မှာ အရေးကြီးဆုံးဖြစ်တဲ့ တရားမျှတမှုရှိတဲ့ အခွန်ကောက်ခံမှုစနစ်ဖြစ်ဖို့ လိုအပ်ချက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထုတ်ပြန်ချက်တွေမှာ ဖော်ပြချက်များအရ ဇွန် ၁ ရက်ကစပြီး ငွေဖြည့်ကတ်တွေ ဖြည့်သွင်းမှုများတွင် ယခင်ကဲ့သို့ ကိုယ်ထည့်သွင်းတဲ့ ပမာဏကို အပြည့်အ၀ မရရှိတော့ဘဲ ကျပ် ၁၀၀၀ တန် ငွေဖြည့်ကတ်အတွက် အခွန်ငွေ ၄၈ ကျပ်ပေးဆောင်ရမှာဖြစ်လို့ သုံးစွဲသူအနေနဲ့ ၉၅၂ ကျပ်၊ ကျပ် ၃၀၀၀ တန် ငွေဖြည့်သွင်းမယ်ဆိုရင်တော့ အခွန် ၁၄၃ ကျပ်နုတ်ပြီး ၂၈၅၇ ကျပ်သာ သုံးစွဲခွင့်ရရှိမှာဖြစ်ကာ ကျပ် ၅၀၀၀ တန်ဖြည့်သွင်းပါက အခွန် ၂၃၈ ကျပ်နုတ်ပြီး ၄၇၆၂ ကျပ်သာ သုံးစွဲခွင့်ရရှိပြီး ငွေကျပ် ၁၀၀၀၀ တန် ဖြည့်သွင်းမှုအတွက် အခွန် ၄၇၆ ကျပ်နုတ်ပြီး ၉၅၂၄ ကျပ်သာ သုံးစွဲသူက ရရှိမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ချက်များမှာ ပါရှိပါတယ်။ 
မျှတမှုမရှိတဲ့ ဖြစ်ရပ်ဒီလို မိုဘိုင်းဖုန်းငွေဖြည့်ကတ်တွေမှာ သုံးစွဲသူတွေမှ အခွန်ပေးဆောင်ရခြင်းများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် အပါအဝင် ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေ အကြားမှာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အများစုက ယခုလို အခွန်ကောက်ခံခြင်းကို မျှတမှုမရှိတဲ့ ဖြစ်ရပ်လို့ ရှုမြင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အချို့က အခွန်ကောက်ခံပုံ စံနစ်မကျခြင်း (အခွန်ပေးဆောင်သူများကို လုံလောက်ပြည့်စုံတဲ့ ရှင်းပြခြင်းများ မရှိခြင်းဘဲ ကောက်ခံခြင်း)ကို ဝေဖန်ကြသလို အချို့ကတော့ နှစ်ပေါင်းများစွာ အကြောင်းအမျိုးမျိုးပြကာ သုံးစွဲသူများထံမှ အမြတ်ထုတ်လာခဲ့တဲ့ ပြည်တွင်းက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများက ဆက်လက်အမြတ်ထုတ်ဖို့ ကြိုးစားနေကြတာကို ထောက်ပြဝေဖန်မှုများ ရှိနေပါတယ်။ အချို့ကလည်း နိုင်ငံတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အခွန်ကင်းလွတ်ခွင့်ပမာဏ ကြီးကြီးမားမား ရနေသူများ ရှိနေကြောင်းနဲ့ ပမာဏကြီးမားတဲ့ အခွန်ရှောင်မှုများကို မဖော်ထုတ်ဘဲ အခြေခံလူတန်းစား အပါအဝင် လူအများစုအပေါ် သက်ရောက်စေတဲ့ အခွန်ကောက်ခံမှုများကို ကောက်ခံရန် ဆောင်ရွက်လာမှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ အချို့ကလည်း အော်ပရေတာတွေအနေနဲ့ ယင်းတို့ရဲ့ အမြတ်တိုးပွားလာရေးအတွက် သုံးစွဲသူကို အခွန်ပေးဆောင်စေခြင်းဟာ မျှတမှုမရှိကြောင်းနဲ့ အခွန်ကောက်သလို ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို လုပ်ဆောင်ပေးသင့်ကြောင်း ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။အခုလို အခွန်ကောက်ခံခြင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေမှာ ပါသလို ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ အခွန်ကောက်တဲ့အပေါ် မှတ်ချက်မပေးလိုပါဘူး။ တချို့နိုင်ငံတွေမှာ ဝန်ဆောင်မှုအပေါ် အခုလို စားသုံးသူထံက ကောက်ခံတဲ့ အခွန်တွေ ရှိပါတယ်။ သို့ပေမဲ့ အဲဒီနိုင်ငံတွေက နိုင်ငံသားတွေက ပျမ်းမျှဝင်ငွေမြင့်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အခြား မေးစရာရှိတာက အခုလို မိုဘိုင်းဖုန်းငွေဖြည့်ကတ်တွေမှာ အခွန်ထည့်ကောက်သလို အခြားကဏ္ဍတွေမှာကော ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း အခွန်ငွေတွေကို စနစ်တကျ ကောက်ခံနေကြသလားဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ အော်ပရေတာတွေ အနေနဲ့ ဘာကြောင့်ကောက်ရသလဲဆိုတာ အကြောင်းပြချက်ကတော့ရှိမှာ သေချာပါတယ်။ အခုလိုပေးသွင်းတဲ့ငွေကို ကြိုပြီးအခွန်ဖြတ်ထားသလိုမျိုး စီးပွားရေးလုပ်ငန်းကြီးတွေကိုကော တိတိကျကျ အခွန်ကောက်ခံမှုတွေ ရှိပါသလား ဆိုတာကိုသာ စဉ်းစားစရာ ရှိပါတယ်။ ဆိုလိုတာက အခု ဝေဖန်နေကြသလို သူများနိုင်ငံတွေမှာ ဖုန်းကတ်တွေ အလကားပေးနေတဲ့ အချိန်မှာ နှစ်ပေါင်းများစွာ ကြီးမားတဲ့ အမြတ်ထုတ်မှုတွေကို အစဉ်တစိုက် ပြုလုပ်ခဲ့ပြီး အခြေခံလူတန်းစား အများစု ကျပ် ၁၅၀၀ နဲ့ ဖုန်းကိုင်နိုင်တဲ့ အချိန်ကျမှ အခုလို အခွန်ကောက်ပြီး အချို့သူတွေဆီက အခွန်တွေရအောင် မကောက်ခံတာကတော့ မျှတမှုမရှိတဲ့ လုပ်ရပ်လို့ ဆိုချင်ပါတယ်။ ဒီလို ပြောရတာဟာ ပေးသင့်ပေးထိုက်တဲ့ အခွန် မပေးသူတွေ၊ အကြောင်းအမျိုးမျိုးနဲ့ အခွန်ကင်းလွတ်ခွင့် ရသူတွေရှိနေလို့ ပြောနေရတာ ဖြစ်ပါတယ်။ 
အခွန်ရှောင်သူပေးဆောင်သင့်တဲ့အခွန်ကို မဆောင်ဘဲ အခွန်ရှောင်နေတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိနေတယ်ဆိုတာ စီးပွားရေးအသိုက်အဝန်း နယ်ပယ်မှာ တွေ့နေရကြားနေရတဲ့ ဖြစ်ရပ်တစ်ခုပါ။ အခွန်ရှောင်မှုများနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင် ပြည်တွင်းမှာ အခွန်လုံးဝမပေးဆောင်တဲ့ လုပ်ငန်းကုမ္ပဏီများ ရှိနေပြီး အခွန်ရှောင်မှုတွေ ရှိနေကြောင်း တရားဝင်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ သတင်းမီဒီယာတွေမှာ ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ပြောကြားချက်တွေကို ကိုးကားဖော်ပြချက်များအရတော့ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့အထဲက လေးပုံတစ်ပုံဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝအခွန်မဆောင်ဘဲ အခွန်ရှောင်နေကြတယ်လို့ ဖတ်ရဖူးပါတယ်။ ဒါ့အပြင် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ပြောကြားချက်အရ အခွန်မဆောင်တဲ့ ပြည်တွင်းကုမ္ပဏီ တစ်သောင်းကျော်ရှိနေတယ်လို့ဆိုကြောင်း သတင်းမီဒီယာတွေက ရေးသားမှုတွေကိုလည်း ဖတ်ခဲ့ရပါတယ်။ ဒီလို အခွန်ရှောင်နေတဲ့အထဲမှာ ရင်းနှီးမြှပ်နှံမှု ပမာဏများတဲ့ လုပ်ငန်း၊ ကုမ္ပဏီကြီးတွေ ဘယ်လောက်ထိပါနေလဲဆိုတာ မသိနိုင်သလို မြတ်နေတဲ့လုပ်ငန်း အရှုံးပြ၊ ဒါမှမဟုတ် အမြတ်ရာခိုင်နှုန်းကို လျှော့ပြပြီး အခွန်ရှောင်နေကြတာတွေဟာ စီးပွားရေးလောကမှာ တွေ့နေကျဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။အဓိကအချက် အနေနဲ့ အများပြည်သူများအပေါ် ကောက်ခံမယ့်အခွန်တွေ တိုးလာပေမယ့် အခွန်ကင်းလွတ်ခွင့်မျိုးစုံ၊ အခွန်ရှောင်နည်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြတဲ့သူတွေက ပေးသင့်ပေးထိုက်တဲ့ အခွန်တွေကို မပေးဆောင်ခြင်းဟာ မျှတခြင်းမရှိတဲ့ အနေအထားတစ်ရပ် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းငွေဖြည့်ကတ်တွေမှာ အခွန်ထည့်ကောက်သလို အကြောင်းအမျိုးမျိုးပြပြီး အခွန်ကင်းလွတ်ခွင့် ရနေသူတွေ၊ အခွန်ရှောင်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ နောက်တစ်ချက်က နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားတိုင်းဟာ အခွန်ပေးဆောင်ရမယ်ဆိုတာ နိုင်ငံသားတိုင်း လက်ခံထားတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ သို့ပေမဲ့လည်း နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ထိုက်သင့်တဲ့ အခွန်နှုန်းထားတွေဖြစ်စေဖို့ ကောက်ခံတဲ့စနစ်တွေရှိစေဖို့က အုပ်ချူပ်သူတွေရဲ့ စီမံခန့်ခွဲမှုက အရေးပါလှပါတယ်။ နိုင်ငံသားတွေထံက အခွန်လိုချင်ရင် အခွန်ဆောင်နိုင်အောင် စီးပွားရေး အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။ နိုင်ငံသားတွေရဲ့ဝင်ငွေ တိုးတက်လာရင် အခွန်တွေလည်း တိုးကောက်လို့ ရပါတယ်။ နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေကို အခွန်ကရငွေတွေဖြည့်ဖို့ နည်းလမ်းရှာတယ်ဆိုတာက နိုင်ငံရဲ့ စီးပွားရေးကောင်းမွန်မှု အခြေအနေ တစ်နည်းအားဖြင့် နိုင်ငံသားတွေရဲ့ ဝင်ငွေရရှိမှု အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ စီးပွားရေးမကောင်းလို့ အခွန်မဆောင်တာ အပြစ်မဟုတ်ပေမယ့် အကျိုးအမြတ်တွေ တနင့်တပိုးရပြီး အခွန်ရှောင်တာမျိုးကတော့ ခွင့်လွှတ်စရာ မဟုတ်ပါဘူး။ ဒီအတွက် နိုင်ငံသားတွေ အခွန်ပိုဆောင်နိုင်ဖို့ နိုင်ငံရဲ့ စီးပွားရေးကောင်းလာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံသားများလည်း ဝင်ငွေတိုးပြီး အခွန်များကိုလည်း တိုးတက်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း ဝင်ငွေနည်း အခွန်ထမ်းပြည်သူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။

Most Read

Most Recent