လူအဖြစ် ရပ်တည်မှုတွန်းအား

လူအဖြစ် ရပ်တည်မှုတွန်းအား
Published 19 May 2015
တိုးနှောင်မိုး

လူသားတို့ဘ၀ ရပ်တည်ချက်  ဘဝရှင်သန်မှုများတွင် တွန်းအားများ လိုအပ်သည်။ ထိုတွန်းအားများတွင် စိတ်ဓာတ်ခွန်အားကို ပေးနိုင်သည့်တွန်းအားက အလွန်အရေးကြီး၏။ တွန်းအားရှိသောလူနှင့် တွန်းအားမရှိသောလူက ကွာခြားလှသည်။ 
တွန်းအားရှိသောသူသည် အောင်မြင်တိုးတက်ရေးအတွက် အခက်အခဲအဆင့်ဆင့်ကို ကျော်လွှားနိုင်ပြီး တွန်းအားမရှိသောသူက အခက်အခဲတို့ဖြင့် ရင်ဆိုင်ရသောအခါ ရှေ့ဆက်မတိုးနိုင်ဘဲ ကျဆုံးရသည်ကို တွေ့ရသည်။
 
လူတန်းစားမျိုးစုံအတွက် အခက်အခဲမျိုးစုံရှိ၏။ ထိုအခက်အခဲများအတွက် ကျော်ဖြတ်နိုင်ဖို့ တွန်းအားလိုပါသည်။ စီးပွားရေးသမားအတွက်လည်း တွန်းအားလိုသည်။ နိုင်ငံရေးသမားအတွက်လည်း တွန်းအားလိုသည်။ ထိုနည်းတူစွာ အနုပညာသမား၊ အတတ်ပညာသမားများအတွက်လည်း လူ့ဘ၀ အသက်ရှင်ရပ်တည်နိုင်ရန် အောင်မြင်မှုရနိုင်ရန်အတွက် တွန်းအားသည် မရှိမဖြစ်လိုအပ်သော ဖြစ်တည်မှုဖြစ်သည်။
 
အောင်မြင်မှုအတွက် တန်ရာတန်ကြေး ပေးဆပ်ရသည်။ ပေးဆပ်ရသော တန်ရာတန်ကြေးသည် မိမိကိုယ်စွမ်းကိုယ်စရှိသမျှ အားထုတ်ထားသော  တွန်းအားဖြစ်သည်။ ခေါင်းတစ်လုံး အပိုမပါသော လူသားများအတွက် ရှိသောခေါင်းတစ်လုံးနဲ့ပဲ တွေးရသည်။ စဉ်းစားရသည်။ မျှော်လင့်ရသည်။ လူက သက်ရှိဆိုပေမယ့် မတွေးမခေါ်ဘဲနေလျှင် အသေနဲ့ တူသည်။ ထို့ကြောင့် တွေးရမည်။ ကမ္ဘာကြီး၏ လုပ်ငန်းအားလုံးမှာ ဒါလည်း တစ်စိတ်တစ်ဒေသ ပါဝင်ဆောင်ရွက်နေသည်ဟု တွေးထားရမည်။ ထိုနည်းတူစွာ ငါကဘာကို အကြောင်းခံပြီး ဆုံးဖြတ်ရမလဲဟူသော စဉ်းစားမှုကလည်း ရှိနေရမည်။
 
ထက်မြက်သောသူတို့သည် ၎င်းတို့၏ လှုပ်ရှားမှုများအရင်းခံကို အမြဲရှာဖွေနေတတ်သည်။ အကျိုးနှင့်အပြစ်နောက်တွင် ဘာတွေရှိနေသလဲဟု အမြဲတွေးတောတတ်သည်။ ငါဘာကို အကြောင်းရင်းခံပြီးဆုံးဖြတ်ရမလဲဟူသော သဘောထားမရှိပါက လုပ်ငန်းတွင် ဆုံးရှုံးမှုများ ရင်ဆိုင်ရနိုင်သည်။ ထို့အတွက် မိမိကိုယ်မိမိ တွေးတောစဉ်းစားဖို့ တွန်းအားလိုသည်။ စိတ်အခြေအနေကောင်းမွန်ဖို့လည်း လိုသည်။ တန်ရာတန်ကြးလည်း ပေးဆပ်ရမည်။ စပိန်ရှေးဟောင်းပုံပြင်တစ်ပုဒ်ရှိ၏။ “ဘုရားသခင်က မိန့်ကြားတော်မူသည်မှာ သင်လိုချင်သည်ကိုအရယူ။ ယူပြီးလျှင်တော့ တန်ရာတန်ကြေးပေးချေပါ” ဟူ၍ ဖြစ်သည်။
 
ပျော်ရွှင်မှုသည်လည်း ဘဝအတွက် အရေးကြီးသော စိတ်အခြေအနေထဲ၌ ပါသည်။ ဘဝပျော်ရွှင်မှ အောင်မြင်မှုစွမ်းဆောင်ရည် မြင့်တက်လာပါမည်။ ဘဝပျော်ရွှင်မှ တွေးတောစဉ်းစားမှုများ စိတ်ချမ်းသာစွာပြုလုပ်နိုင်မည်။ တွေးတောစဉ်းစားခြင်းသည် အောင်မြင်မှု၏ အရိပ်အာဝါသအား အဝေးမှ လှမ်းမြင်နိုင်မည့်မြေပုံဖြစ်၏။ တွေးတောခြင်းမှာ စိတ်ပိုင်းဆိုင်ရာထုတ်လုပ်မှုဖြစ်သည်။ အချက်အလက်တို့မှာ ကုန်ကြမ်းဖြစ်သည်။ ထုတ်ကုန်မှာ ကြံအချက်များ နည်းနာများနှင့် အရာဝတ္ထုတို့ပင် ဖြစ်၏။ အက်ဒီဆင်က သူ့အလုပ်၌ စာတမ်းတစ်ခုကို ချိတ်ဆွဲထားသည်။ “တွေးတောခြင်းကို လူတို့ မည်မျှအတိုင်းအတာအထိ ရှောင်ရှားနေကြသည်ဆိုသည်မှာ မှတ်သားလောက်ဖွယ်ဖြစ်သည်” ဟု ဆို၏။
 
တွေးတောခြင်းက လူ့ဘဝအဖြစ် ရပ်တည်နိုင်မှုတွန်းအားဖြစ်၏။ လူသားတို့အား လှုပ်ရှားတိုးတက် ပြောင်းလဲစေသော တွန်းအားများရှိသည်။ လူသားတိုင်း အမှားလုပ်တတ်ကြသည်။ အမှားဖြင့် ဘယ်သူမှ မကင်းကြပါ။ တွေးတွေးဆဆရှိသူသာလျှင် အမှားနည်းပါလိမ့်မည်။ အမှားပြုပြီးသူတိုင်း ထိုအမှားကို စိတ်သောက မများသင့်တော့။ ထိုအမှား မှားပြီးသွားပြီပဲ။ ထိုအမှားကို ပြင်၍မရတော့၊ ဆက်မမှားဖို့ကို ဂရုတစိုက် ရှောင်ကြဉ်ရမည်ဖြစ်၏။
 
စိတ်ကိုလှုပ်ရှားအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲဟူသော သူတို့အား လှုပ်ရှားအောင် တွန်းအားပေးနေသော အကြောင်းရင်းခံ  ခြောက်ချက်ရှိသည်။ ၎င်းတို့ကို စိတ်ပါဝင်စားစွာ  တွေးတောပါက လူ့ဘဝအတွက် အသက်ရှင်ရပ်တည်နိုင်ရန် အထောက်အကူဖြစ်သည်။
 
၎င်းတို့မှာ
 
(၁) ကြောက်ရွံ့မှု
(၂) ယုံလွယ်တတ်မှု
(၃) အကြံÓဏ်
(၄) အားကျမခံစိတ်
(၅) မျှော်လင့်ချက်
(၆) အချက်အလက်များ ဖြစ်သည်။
 
(၁) ကြောက်ရွံ့မှု
 
ကြောက်ရွံ့ခြင်းသည် လူသားတိုင်းဖြင့် မကင်းပါ။ ကြောက်ရွံ့မှုကြောင့် လူသားတို့ ဘဝရပ်တည်နိုင်မှုများ နိမ့်ကျခြင်း ပျက်စီးခြင်းများအထိ ရှိကြသည်။ များသောအားဖြင့် လူများကို လှုပ်ရှားအောင် ကြိမ်ဖန်များမှာ တွန်းအားပေးနေသည်စွာ ကျန်အမှုများထက် ခံစားမှုများကြောင့် ဖြစ်သည်။ ဤခံစားမှုများ၌ ကြောက်ရွံ့ခြင်းသည် ပိုအတွေ့များသော ခံစားမှုဖြစ်သည်။ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးအရပ်ရပ်၌ ကြောက်ရွံ့ခြင်းကြောင့် ပို၍ ဆိုးရွားသော မျှော်လင့်မထားသည့်ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသည်။ 
 
ကြောက်ရွံ့ခြင်းသည် ဆိုးရွားသော အကြံပေးအရာရှိဖြစ်သည်။ ကြောက်ရွံ့ခြင်းကြောင့် ကြောက်ကြောက်လန့်လန့် လုပ်ရလျှင် ထိုသူသည် ဆုံးရှုံးခြင်းဖြင့် ရင်ဆိုင်ရသလို ကြောက်ရွံ့ပြီး ဘာမှမပြောရဲမဆိုရဲပါက ဖိနှိပ်ခံဘဝဖြင့် တစ်သက်လုံး ရင်ဆိုင်နေရ မည်ဖြစ်ပါသည်။ ထို့ကြောင့်  ကြောက်ရွံ့ခြင်းမှ ကင်းဝေးဖို့ လိုအပ်လှပါသည်။ 
 
(၂) ယုံလွယ်မှု 
 
ယုံလွယ်မှုသည် အလိမ်ခံဖို့အတွက် ကြိုတင်ရောက်ရှိနေသော စိတ်ဖြစ်သည်။ လူပေါင်းများစွာသည် ယုံလွယ်တတ်မှုကြောင့် ငွေမြောက်မြားစွာ ဂုဏ်သိက္ခာပေါင်းများစွာ ဘဝများစွာ ဆုံးရှုံးခဲ့ရသည်။ အစုရှယ်ယာ အရောင်စွံအောင် တွန်းထိုးသွေးဆောင်သူများ၏ လှည့်ဖြားမှုကို ခံရတတ်သည်။ နိုင်ငံရေးဖောလုံးများဖြင့် အာဏာသွေးဆောင်သူတို့၏ လှည့်ဖြားမှုကြောင့် နိုင်ငံများအတွက် ခေါင်းဆောင်များ ဆုံးရှုံးရသည်။ မိန်းကလေးများ ဘဝဆုံးရသလို အလုပ်အကိုင်အတွက် လူငယ်များ တစ်ပါးနိုင်ငံ၌ ဘဝဆုံး၊ အသက် ဆုံးရှုံးရသည်။ ဘိုးတော်လိမ်၊ ဘိုးတော်အတုများနှင့်လည်း တွေ့ရတတ်သည်။
 
လူတို့အတွက် ယုံလွယ်မှုမရှိအောင် ဘဝကို ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။ 
 
(၃)အကြံဉာဏ်
 
အကြံဉာဏ်သည်လည်း အရေးကြီး၏။ အကြံဉာဏ်ကောင်းရှိမှဖြစ်သလို အကြံဉာဏ်ကောင်းရရန်လည်း လိုသည်။ တစ်ပါးသူ၏ အကြံဉာဏ် ရယူလုပ်ဆောင်ခြင်းဖြင့် လူတစ်ယောက်သည် ပညာသတိရှိရှိဖြင့် လုပ်မိနိုင်သလို၊ ပညာမဲ့စွာလည်း လုပ်မိတတ်နိုင်၏။ 
ဤသည်မှာ အကြံပေးသူ၏ အသိပညာ ကြွယ်ဝခြင်း၊ မကြွယ်ဝခြင်းအပေါ် အားလုံးမှီတည်၏။ မိမိနှင့်နီးသူ ခင်မင်သူဆွေမျိုး (သို့) သူငယ်ချင်းထံမှ အကြံဉာဏ်သည် ရိုးသားပြီး အဓိပ္ပာယ်ပြည့်ဝချင်ပြည့်ဝမည်။ ပြည့်ဝချင်မှ ပြည့်ဝမည်။ သို့သော် ပညာပါသော အကြံဉာဏ်ကောင်း ဖြစ်ချင်မှဖြစ်မည်။ ပညာပါသော အကြံဉာဏ်က ရှားပါ၏။
 
(၄)အားကျမခံစိတ်
 
အပြိုင်အဆိုင်သဘောကို ဆောင်သလို ဘဝတိုးတတ်မှုအတွက် အတုယူကောင်းဖို့လိုသော စိတ်ဖြစ်သည်။ တုပရမည်။ အဲ့လို အားကျသောစိတ်ဖြင့် ပြုလုပ်ရမည်ဖြစ်သည်။ အားကျမခံစိတ်သည် လူတစ်ယောက်ကို မှန်ကန်သော လမ်းကြောင်းသို့ တွန်းပို့ရန် မြင်သာသောအချက်ဖြစ်သော်လည်း လမ်းကြောင်းလွဲသွားစေသော ပြဿနာလည်းရှိသည်။ အားကျမခံစိတ်က အောင်မြင်သောသူများကို အားကျတုပမှုဖြစ်စေသော်လည်း တလွဲအားကျပါက ပေးဆပ်မှုမှားကာ မှားယွင်းသောအကျိုးကိုပဲ ဖြစ်ထွန်းမည်ဖြစ်သည်။ 
အကယ်၍ အားကျမခံစိတ်က လူတစ်ဦးအား လေ့လာသင်ယူတတ်ရန် တွေးတောစဉ်းစားတတ်ရန် ထူးထူးခြားခြား အသိဗဟုသုတရယူတတ်ရန် ဖန်တီးပါက လူ့ဘဝတွင် အထောက်အကူမပြုဆုံးသော လွှမ်းမိုးမှု ဖြစ်သည်။
 
(၅)မျှော်လင့်ချက်
 
မျှော်လင့်ချက်မရှိသောသူသည် သေသူနဲ့တူသည်။ မျှော်လင့်ချက်သည် လူတို့အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ဒါပေမဲ့ မျှော်လင့်ချက်သက်သက်ဖြင့် အရာမရောက်။ လူငယ်များအတွက် မျှော်လင့်ချက်ကို အလုပ်ဖြင့်သက်သေပြဖို့ လိုအပ်သည်။ 
 
လူတစ်ယောက်ကို အောင်မြင်စေသည်မှာ မျှော်လင့်ချက်၊ ကျွမ်းကျင်မှုနှင့် အသိပညာ ဖြစ်သည်။ မျှော်လင့်ချက်သက်သက်ဖြင့် လူသည် ရှေ့ထွတ်မလှုပ်ရှားသင့်ပေ။
 
(၆)အချက်အလက်များ
 
လူတစ်ယောက်သည် အချက်အလက်အရ လှုပ်ရှားရပါက မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်ရန်သေချာနေပါသည်။ ထို့နောက် ဘာလုပ်ရမည်ကို သေချာစွာ သိရှိနားလည်မည်။ ဘယ်သူမှ ထိုသူကို အရူးမလုပ်နိုင်။ အလုပ်မလုပ်မီ သိရန်လိုအပ်သောကိစ္စများ လေ့လာပြီးဖြစ်သောကြောင့် အခက်အခဲမရှိ  လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အချက်အလက် ပြည့်စုံနေခြင်းသည် ဘာနောင်တမှ ရစရာမရှိ ။ အချက်အလက်များနှင့် ပတ်သက်၍ လူ့ဘဝတွင် အရေးတကြီး လိုအပ်ကြောင်း ထင်ရှားသည်။ 
အချက်အလက်များ ကျောထောက်နောက်ခံပြုထားခြင်းမရှိသော ခံစားချက်များ တွေးဆချက်များအပေါ်လိုက်၍ ဘယ်တော့မှ မပြုမူပါလေနှင့်ဟု ဆိုထားသည်။
 
အချုပ်အားဖြင့်ဆိုသော် လူတို့ ဘဝရပ်တည်မှုအတွက် အခက်အခဲများကို ကျော်လွှားရန် တွန်းအားများ လိုအပ်ပါသည်။ ထိုတွန်းအားများဖြင့် မိမိဘ၀ သာယာချောမွေ့စေရန် စိတ်ပါလက်ပါအသိပညာများကို အသုံးပြုဖို့ လိုအပ်ကြောင်း ရေးသားအပ်ပါသည်။
 
မှီငြမ်း။   ။ သင့်ဘဝမဂ္ဂဇင်း