မြန်မာနိုင်ငံလူဦးရေ၏ ငါးရာခိုင်နှုန်းမျှသာ ငွေစုဆောင်းသူအဖြစ် ဘဏ်အကောင့်ဖွင့် အသုံးပြုနိုင်သေး

မြန်မာနိုင်ငံလူဦးရေ၏ ငါးရာခိုင်နှုန်းမျှသာ ငွေစုဆောင်းသူအဖြစ် ဘဏ်အကောင့်ဖွင့် အသုံးပြုနိုင်သေး
Published 18 May 2015
နီလာ

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခန်းကဏ္ဍ အားနည်းနေသေးသဖြင့် လူဦးရေ၏ ငါးရာခိုင်နှုန်းမျှသာ ငွေစုဆောင်းသူအဖြစ် ဘဏ်အကောင့်ဖွင့် အသုံးပြုနိုင်သေးကြောင်း ဂျာမန်ပြည်ထောင်စုအစိုးရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံအရာရှိ Mr.Bernd Kuzmits က ပြောကြားခဲ့သည်။
“အခုလောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး အခန်းကဏ္ဍဟာဆိုရင် သူ့ရဲ့ကြားခံအဖြစ် ဖြည့်ဆည်းပေးရမယ့် အခန်းကဏ္ဍဖြစ်တဲ့ ငွေစုဆောင်းသူနဲ့ ရင်းနှီးမြှုပ်နှံသူအကြား ပြည့်ပြည့်၀၀ လုံလုံလောက်လောက်ပြန်ပြီး မဖြည့်ဆည်းပေးနိုင်သေးပါဘူး။ ပြည်သူအများစုဟာဆိုရင် ဘဏ္ဍာရေး အခန်းကဏ္ဍမှာ ထဲထဲဝင်ဝင် မဆောင်ရွက်နိုင်သေးပါဘူး။ ဘဏ္ဍာရေးကဏ္ဍက အားနည်းနေပါသေးတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံလူဦးရေရဲ့ ငါးရာခိုင်နှုန်းမျှသာ ဘဏ်တွေမှာ အကောင့်တွေဖွင့်ပြီး သုံးနိုင်ပါသေးတယ်” ဟု Mr.Bernd Kuzmits က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်များကြောင့် မြန်မာနိုင်ငံတွင် ၉၀ ရာခိုင် နှုန်းကျော်ရှိနေသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် ၎င်းတို့၏ ဘဏ္ဍာရေးအခန်းကဏ္ဍမှ ချေးငွေရရှိမှုမှာ လက်ရှိအချိန်အထိ အားနည်းနေသေးကြောင်း သိရသည်။
“SME တွေဟာ သူတို့ရဲ့ချေးငွေမရရှိ တဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ချေးငွေရရှိနိုင်မှု အားနည်းတဲ့အတွက်ကြောင့် SMEs တွေဟာ သူတို့ရဲ့လုပ်ငန်းကိုချဲ့ထွင် နိုင်ခြင်းမရှိပါဘူး။ လုပ်ငန်းတွေချဲ့ထွင်နိုင်ခြင်း မရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းမှာလည်း တိုးတက်လာခြင်းက အားနည်းနေပါတယ်။ တချို့သော အခွင့်အလမ်းတွေဟာဆိုရင် လက်လွတ်ဆုံးရှုံးမှုတွေ ဖြစ်နေပါတယ်” ဟု Mr.Bernd Kuzmits က ပြောကြားခဲ့သည်။
တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်ပြီး ထိရောက်မှုရှိသည့် ဘဏ္ဍာရေးအခန်းကဏ္ဍမှာ အလွန်အရေးကြီးကြောင်း၊ ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှုသည် ငွေစုဆောင်းသူနှင့် ပြန်ပြီးရင်းနှီးမြှုပ်နှံသူအကြား ကြားခံအဖြစ် ဆောင်ရွက်ပေးပြီး နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးသည့် အင်ဂျင်တစ်ခုဖြစ်ကြောင်း သိရသည်။
ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) အနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွှာအဆင့်ဆင့်တွင် အကူအညီများ ပေးနေကြောင်း သိရသည်။
ယင်းသို့ အကူအညီပေးရာ၌ ှSMEs များ၏ ဘဏ္ဍာရေးဆိုင်ရာ လက်လှမ်းမီစေရေးအတွက် မြန်မာနိုင်ငံမှ ဘဏ်သုံးဘဏ်ကို ရွေးချယ်ပြီး အကူအညီပေး ဆောင်ရွက်နေကြောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မြန်မာနိုင်ငံဘဏ်များအသင်း စသည်တို့နှင့်ပူးပေါင်းပြီး ဘဏ်လုပ်ငန်းဆိုင်ရာသင်တန်းများ ပိုပြီးအဆင့်မြှင့်တင်နိုင်ရေး၊ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုစံနှုန်းများကို မြန်မာနိုင်ငံတွင် လက်ခံကျင့်သုံး စေရေးနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခန်းကဏ္ဍတွင် ပိုပြီးကောင်းမွန်ပြည့်စုံသည့် ဥပဒေမူဘောင်များ ဖြစ်ပေါ်လာစေရေး အကူအညီပေးနေကြောင်း သိရသည်။                

Most Read

Most Recent