ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် ပြင်သစ်လီဂူး-၁ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
လီဂူး-၁ ပွဲစဉ် (၃၇) ကို မေ ၁၆ ရက်က တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်နေသည့် PSG အသင်းက အဝေးကွင်းတွင် မောင့်ပယ်လီယာကို မာတွီဒီ (၁၇ မိနစ်)၊ လာဗက်ဇီ (၂၅ မိနစ်)တို့၏ ဂိုးများနှင့်အတူ (၂-၁)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယနေရာမှ လိုင်ယွန်အသင်းမှာမူ အိမ်ကွင်းတွင် ဘော်ဒိုးကို အနိုင်မကစားနိုင်ဘဲ တစ်ဂိုးစီ သရေကျခဲ့သဖြင့် PSG အသင်းက လက်ကျန်တစ်ပွဲ အလိုတွင် လိုင်ယွန်ထက် ရှစ်မှတ်အသာရကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ PSG အသင်းသည် လီဂူး-၁ ချန်ပီယံဆုကို ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ သုံးရာသီဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ငါးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပွဲမှာ အဝေးကွင်း ဖြစ်သောကြောင့် PSG ပရိသတ် ၇၀၀ သာ လာရောက်ကြည့်ရှု ခဲ့သော်လည်း ပွဲအပြီးတွင် ကစားသမားများနှင့်အတူ အောင်ပွဲခံခဲ့ကြောင်း သိရသည်။
“ရာသီမကုန်ဆုံးခင် တစ်ပွဲအလိုမှ ချန်ပီယံဆု ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကထက်ပိုပြီး ကျေနပ်မှုရှိပါတယ်။ ကျွန်တော့်အနေနဲ့ PSG အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ကျေနပ်နှစ်သက်ပါတယ်။ ချန်ပီယံဆု ရယူနိုင်ခဲ့လို့ နည်းပြအဖွဲ့ဝင်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့သာ မရှိဘူးဆိုရင် နည်းပြအလုပ်ကိုလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု PSG အသင်းနည်းပြ လောရင့်ဘလန့်က ပြောကြားခဲ့သည်။
PSG အသင်းသည် ချန်ပီယံဆုကို ငါးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သော်လည်း ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးစာရင်း၌ အဆင့် ၈ နေရာတွင်သာ ရပ်တည်နေပြီး စိန့်အက်တီယန်အသင်းက ချန်ပီယံဆု ၁၀ ကြိမ်ဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသည်။ ထို့ပြင် အကြိမ်ဆက်တိုက်အများဆုံး ဗိုလ်စွဲနိုင်သည့် အသင်းအဖြစ် လိုင်ယွန်အသင်းက ၂၀၀၂ မှ ၂၀၀၈ အထိ ခုနစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲထားကြောင်း သိရသည်။
လက်ကျန်တစ်ပွဲအလို၌ ပြင်သစ်လီဂူး-၁ ချန်ပီယံဆုကို PSG အသင်း ဆွတ်ခူး၊ ၂၀၁၃-၂၀၁၅ သုံးကြိမ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး အသင်းသမိုင်း၌ ငါးကြိမ်မြောက် ရရှိခြင်းဖြစ်