၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အကြားတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာရှစ်ဘီလျံမှ ၁၁ ဘီလျံအထိ တိုးတက်ရရှိရန် လျာထားလုပ်ဆောင်သွားမည်ဟုဆို

၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အကြားတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာရှစ်ဘီလျံမှ ၁၁ ဘီလျံအထိ တိုးတက်ရရှိရန် လျာထားလုပ်ဆောင်သွားမည်ဟုဆို
Published 16 May 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အကြားတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၈ ဘီလျံမှ ၁၁ ဘီလျံအထိ တိုးတက်ရရှိရန် လျာထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ညွှန်ကြားရေမှူး ဒေါ်မာလာမျိုးညွန့်ပြောကြားသည်။    "မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှုမှာ ၂၀၁၄-၁၅ ခုနှစ်မှာ ဒေါ်လာလေးဘီလျံ၊ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိက တစ်နှစ်ကို ဒေါ်လာခြောက်ဘီလျံ စီ၊ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ်ဒေါ်လာ ရှစ်ဘီလျံစီနဲ့ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိက နှစ်စဉ်ဒေါ်လာ ၁၁ ဘီလျံစီဝင်လာဖို့ ရည်မှန်းချက်ထား လုပ်ဆောင်နေပါတယ်" ဟု ၎င်းကပြောကြားသည်။    မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတ်လကုန်အထိ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကဏ္ဍများတွင် စွမ်းအင်ကဏ္ဍက ရင်းနှီးမြှုပ်နှံမှုအများဆုံးအဖြစ် ရပ်တည်နေပြီး ၎င်း၏နောက်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍက လိုက်နေသည်။    အဆိုပါကဏ္ဍများ၏နောက်မှ ကုန်ထုတ်လုပ်မှုကဏ္ဍကလိုက်နေသော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်မြှုပ်နှံသည့် ပမာဏထက် ဒေါ်လာသန်းပေါင်း ၁၂၀၀၀ ကျော်နည်းပါးနေပြီး ပမာဏများစွာကွားခြားလျက်ရှိကြောင်း DICA မှ စာရင်းအချက်အလက်များအရ သိရသည်။    အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ သတ္တုတွင်းကဏ္ဍ၊ အိမ်ယာကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုအိမ်ရာကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် အခြားကဏ္ဍများတွင် မြှုပ်နှံမှုများပါဝင်လျက်ရှိသည်။    ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသူမှာ တရုတ်နိုင်ငံဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ ယူကေ၊ တောင်ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ နယ်သာလန်၊ ပြင်သစ်တို့က အစဉ်လိုက် အသီးသီးရပ်တည်လျက်ရှိသည်။    ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၅ ခုနှစ်၊ မတ်လကုန်အထိ အဆင့် ၁၂ နေရာတွင် ရပ်တည်နေသည်။    မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၄ ခုနှစ်တွင် လေးဘီလျံရရှိရန်လျာထားခဲ့သော်လည်း ပထမခြောက်လတွင်ပင် အဆိုပါမျှော်မှန်းပမာဏ ပြည့်မီခဲ့ကြောင်း သိရသည်။    မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအနက် ဒုတိယတိုးတက်မှု အမြန်ဆုံးနိုင်ငံဖြစ်ပြီး ယခုနှစ်တွင် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တိုးတက်လာမှုများကြောင့် ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ဂျီဒီပီကို ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ပြောင်းလဲခန့်မှန်းခဲ့သည်။    ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ဂျီဒီပီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပြီး ထိုပမာဏဖွံ့ဖြိုးမှုသည် တစ်ဦးချင်းဂျီဒီပီကို လက်ရှိဒေါ်လာ ၉၀၀ မှ ဒေါ် လာ ၅၀၀၀ နီးပါးအထိ တွန်းတင်ပေးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ကသုံးသပ်ထားသည်။    ထိုသို့တိုးတက်စေရန် မြန်မာနိုင်ငံအနေနှင့် ဆန်စပါးထုတ်လုပ်မှု၊ စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက မောင်းနှင်နိုင်ရန်လိုအပ်သည်ဟု ဆိုသည်။