ပြည်ပစတော့အိတ်ချိန်းတွင် ကော်မရှင်ခယူကာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ တရားမဝင်သော်လည်း အရေးယူမှု မရှိသဖြင့် ကုမ္ပဏီအသစ်များပင် တိုးချဲ့လာ

ပြည်ပစတော့အိတ်ချိန်းတွင် ကော်မရှင်ခယူကာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ တရားမဝင်သော်လည်း အရေးယူမှု မရှိသဖြင့် ကုမ္ပဏီအသစ်များပင် တိုးချဲ့လာ
Published 14 May 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

ပြည်ပစတော့အိတ်ချိန်းများရှိ Future Exchange ဈေးကွက်ကို အရောင်းအဝယ် ပြုလုပ်ရန် ကော်မရှင်ခယူကာ ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီများမှာ ဥပဒေအရ တရားမဝင်သော်လည်း အရေးယူမှု မရှိသေးသဖြင့် ဈေးကွက်အတွင်း ကုမ္ပဏီအသစ်များပင် တိုးချဲ့လာကြောင်း သိရသည်။
ပြည်ပစတော့ အိတ်ချိန်းများတွင် ရွှေ၊ ငွေကြေး၊ ရေနံ၊ ကုန်စည် စသည့်ဈေးကွက် များပေါ်တွင် အရောင်းအဝယ်ပြုသည့် ဈေးကွက်ကို Future Exchange ဈေးကွက်ဟုခေါ်ဆိုပြီး ထိုဈေးကွက်တွင် ဝင်ရောက်အရောင်းအဝယ် လုပ်နိုင်ရန် ကော်မရှင်ခယူကာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်း ခြောက်ခုခန့် ရန်ကုန်ဈေးကွက်အတွင်း ရှိနေရာမှ ယခုအခါ ကုမ္ပဏီအရေအတွက် တိုးလာကြောင်း သိရသည်။
“မြန်မာပြည်မှာ ပတ်ကားရိုက်တယ်။ ပေါင်မုန့်ရိုက်တယ်လို့ပြောတဲ့ လေနဲ့ကစားတဲ့ဟာကို ဒီက Online မှာလုပ်တာနဲ့ သဘောတရားချင်း ခပ်ဆင်ဆင်ပဲ။ ဒီမှာပိုပြီးတော့ အဆင့်မြင့်သွားတာပဲရှိတယ်။ ဒီဈေးကွက်ကနေ ပိုက်ဆံဘယ်လိုရအောင် ရှာလို့ရလဲဆိုတော့ နေ့စဉ်ရွှေဈေး အတက်အကျက သိပ်မလှုပ်ပါဘူး ဆိုတဲ့နေ့တောင် အနည်းဆုံး ၁၀ ဒေါ်လာလောက် အတက်အကျလှုပ်တယ်။ ဒီလိုအတက်အကျတွေရှိလို့ ကိုယ်က Position မှန်ခဲ့မယ်ဆိုရင် အကျိုးအမြတ်ရဖို့ ရှိပါတယ်” ဟု အင်ဒိုနီးရှားအခြေစိုက် Future Exchange ဝန်ဆောင်မှုကုမ္ပဏီ အသစ်တစ်ခုက ဟောပြောပွဲတွင် ၎င်း၏လုပ်ငန်းအကြောင်း ပြောကြားသည်။
Future Exchange ဈေးကွက်များတွင် ကစားရာတွင် နေ့ချင်းပြတ် အရောင်းအဝယ်လုပ်သည့် Day Trading၊ ရက်အနည်းအငယ်အတွင်း အရောင်းအဝယ်လုပ်သည့် Short Term Trading၊ ရက်သတ္တပတ် အနည်းငယ်အထိ အရောင်းအဝယ်လုပ်သည့် Medium Term Trading၊ ရေရှည်အရောင်းအဝယ်လုပ်သည့် Long Term Trading စသည့် နည်းလမ်းများရှိနေကြောင်း သိရသည်။
“ဒီကုမ္ပဏီတွေပေါ်တာ အခုမှသိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေပညာရှင်တွေနဲ့ ဥပဒေအရ ဘယ်လိုလုပ်နိုင်ခွင့်ရှိမရှိ တိုင်ပင်နေပါတယ်။ တရားမဝင် လောင်းကစားပုံစံမျိုး ပေါက်နေရင်တော့ အခြားဥပဒေနဲ့ အရေးယူရမယ်။ တစ်နည်းနည်းနဲ့တော့ ဟန့်ဖို့လုပ်ရမယ်။ တကယ်တမ်းက ပြည်ပစတော့အိတ်ချိန်းမှာ မြှုပ်နှံတယ်ဆိုရင် စာချုပ်တွေထုတ်ပေးရမှာပါ” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဝန်ဆောင်မှု ပေးနေသော Future Exchange ကုမ္ပဏီများမှာ ဟောင်ကောင်၊ နယူးဇီလန်၊ အင်ဒိုနီးရှား၊ စင်ကာပူ စသည့်နိုင်ငံများ၏ စတော့အိတ်ချိန်းများတွင် အရောင်းအဝယ် ပြုလုပ်ပေးသည့် ဝန်ဆောင်မှုကုမ္ပဏီများဖြစ်သည်။
တရားမဝင်သည့် အဆိုပါ Future Exchange ဈေးကွက်တွင် ဝင်ရောက်ကစားရန် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများတွင် ဒေါ်လာ ၃၀၀၀ မှ ဒေါ်လာ ၁၀၀၀၀ အနိမ့်ဆုံးထည့်သွင်းကာ စာရင်းဖွင့်ထားရသဖြင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး လက်ရှိတွင် ထည့်သွင်းထားသည့် ဒေါ်လာ ၁၀၀၀၀ လုံး ဆုံးရှုံးသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင်လည်း ထိုသို့စတော့အိတ်ချိန်းနှင့် အလားသဏ္ဌာန်တူသည့် လုပ်ငန်းများကို ခွင့်ပြုချက်မဲ့ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိဘဲ လုပ်ဆောင်ပါက ရဲအရေးပိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။