မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်စည်စီးဆင်းမှု အားကောင်းနေပြီး တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်နှင့်ပြောင်းကား တစ်ရက်လျှင် အစီးရေ ၃၀၀ ကျော် ဝင်ရောက်

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်စည်စီးဆင်းမှု အားကောင်းနေပြီး တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်နှင့်ပြောင်းကား တစ်ရက်လျှင် အစီးရေ ၃၀၀ ကျော် ဝင်ရောက်
Published 14 May 2015
ချမ်းမြေ့သူ

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်စည်စီးဆင်းမှု အားကောင်းနေပြီး တစ်ရက်လျှင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်နှင့် ပြောင်းကား အစီးရေ ၃၀၀ ကျော်ဝင် ရောက် လျက်ရှိကြောင်း မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ သိရသည်။
မြန်မာ-တရုတ်နယ်စပ်တွင် နှစ်နိုင်ငံလုပ်ငန်းရှင်များ တရားဝင်ကုန်သွယ်မှုပြုလုပ် နိုင်ရန်ဖွင့်လှစ်ထားသည့် မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းသို့ မေ ၁ ရက်မှ ၁၂ ရက်အထိ ကုန်စည်ကားဝင်ရောက်မှုများမှာ ဆန်ကား အနေဖြင့် တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ၁၄၀ မှ ၁၈၀ အထိ၊ ပြောင်းကား တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၁၂၀ မှ ၁၇၀ အထိ ဝင် ရောက် နေကြောင်း သိရသည်။
ထို့ပြင် ယခင်က သစ်သီးကားဝင်ရောက်မှုမှာ တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၂၀၀ ကျော်အထိ ဝင်ရောက်လျက်ရှိရာ တင်ပို့ လျက်ရှိသည့် အသီးရာသီချိန်ကုန်သွားသဖြင့် ယခုနောက်ပိုင်းတွင် တစ်ရက်လျှင် သစ်သီးကားဝင်ရောက်မှု အနည်းငယ်လျော့ကျသွား ကြောင်း သိရသည်။
“ဒီနှစ်မှာ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ကုန်စည်စီးဆင်းမှု အားကောင်းနေတယ်။ ချင်းရွှေဟော်ဘက်မှာက အခြေအနေက ကောင်းလိုက် မကောင်းလိုက်နဲ့ဆိုတော့ ချင်းရွှေဟော်နယ်စပ် ဘက်ကိုသွားမယ့် ကုန်ကားတွေကပါ မူဆယ်နယ်စပ်ဘက်ကို ဆင်းလာကြတာဆိုတော့ မူဆယ်ကုန်သွယ်ရေး စခန်းမှာ အရင်နှစ်ထက် ကုန်ကားဝင်ရောက်မှု ပိုများတယ်။ အရင်နှစ်ထက်လဲ ပို့ကုန်တင်ပို့မှုပမာဏ ပိုများတယ်” ဟု မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဧပြီ ၁ ရက်မှ မေ ၁၂ ရက်အထိ ကုန်သွယ်မှု ပမာဏစုစုပေါင်း ဒေါ်လာ ၃၆၄ သန်းကျော် ရှိပြီး ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၇၈ သန်း ကျော်ရရှိထားပြီး သွင်းကုန်တင် သွင်းမှုအတွက် ဒေါ်လာ ၁၈၆ သန်းကျော် အသုံးပြုထားကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏစုစုပေါင်းမှာမူ ဒေါ်လာ ၂၇၃ သန်း ကျော်ရှိပြီး ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၁၃ သန်းကျော်ရရှိထားကာ သွင်းကုန်တင်သွင်းမှု အတွက် ဒေါ်လာ သန်း ၁၆၀ ကျော် အသုံးပြုထားကြောင်း သိရသည်။
သို့ဖြစ်၍ လက်ရှိဘဏ္ဍာနှစ်တွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၉၁ သန်းကျော် ပိုမိုပြုလုပ်ထားကြောင်း သိရသည်။
မြန်မာလုပ်ငန်းရှင်များ အနေဖြင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်လိုင်စင်ရယူ၍ တင်ပို့ကြသော်လည်း တရုတ်ကုန်သည်များ အနေဖြင့် တရုတ်နိုင်ငံဘက်သို့ တရားဝင်တင်သွင်းမှု မရှိသဖြင့် ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။