ကိုယ်တိုင်ကြိုးစားအားထုတ်မှု ရှိပါစေ

ကိုယ်တိုင်ကြိုးစားအားထုတ်မှု ရှိပါစေ
Published 14 May 2015
သဲသီရိကျော်

 “... မွေးလာစဉ်က ဆင်းရဲတာ ကျွန်တော်တို့အပြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ သေတဲ့အချိန်မှာ ဆင်းရဲနေရင်တော့ ကျွန်တော်တို့အပြစ်ပါ ...”
ဘီလ်ဂိတ်
ဘီလ်ဂိတ်ရဲ့ ပြောစကားက ရိုးရိုးရှင်းရှင်းနဲ့ ထိထိမိမိ ရှိလှပါတယ်။ ကျွန်မတို့တွေ မွေးဖွားလာစဉ်အချိန်မှာ ကျွန်မတို့ရဲ့ မိဘကို ကျွန်မတို့စိတ်တိုင်းကျ ရွေးချယ်ခွင့်မရှိဘူး။ ကျွန်မတို့ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ခုကို ကျွန်မတို့ လိုချင်တဲ့ပုံစံအတိုင်း ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ ကျွန်မတို့ရဲ့ မိဘအသိုင်းအဝိုင်း တစ်ခုက ငွေကြေးဥစ္စာပြည့်စုံ ကြွယ်ဝချင်လည်း ကြွယ်ဝမယ်၊ ဆင်းရဲချို့တဲ့ချင်လည်း ဆင်းရဲချို့တဲ့မယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ အသိုင်းအဝိုင်း တစ်ခုဖြစ်ချင်လည်း ဖြစ်မယ်၊ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ပညာတတ် အသိုင်းအဝိုင်းတစ်ခု ဖြစ်ချင် ဖြစ်မယ်၊ ဖြစ်ချင်မှလည်းဖြစ်မယ်။ ဒါတွေကို ကျွန်မတို့မွေးဖွားလာစဉ် အချိန်မှာ ရွေးချယ်ရှင်သန် ကြီးပြင်းခွင့်မရှိခဲ့ဘူး။ အဲ့ဒီ ဖန်တီးရွေးချယ်ခွင့်မရှိခဲ့တဲ့ အရာတွေပေါ်မှာ စိတ်ပျက်အားငယ်နေမယ်၊ သိမ်ငယ်နေမယ်။ အပြစ်ဖွဲ့နေကြမယ်။ ညည်းတွားနေကြမယ် ဆိုရင်၊ ငါတော့ဘာမှမဟုတ်တဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရတာ ငါ့ဘဝကတော့ သူများတွေလို လှလှပပ တင့်တောင့်တင့်တယ် ဘယ်တော့မှ ဖြစ်မလာတော့ပါဘူးလို့ ထင်ပြီး ကိုယ့်ဘဝကိုယ် ရေစုန်မျော နေထိုင်ပစ်လိုက်မယ်ဆိုရင် ကျွန်မတို့သေတဲ့ အချိန်မှာလည်း ဘာမှမဟုတ်တဲ့ လူတစ်ယောက်အဖြစ်၊ လူ့လောကကို ရောက်လာပြီး ဘာအရည်အချင်း ဘာစွမ်းဆောင်မှုမှမရှိတဲ့ လူတစ်ယောက်အဖြစ် သေဆုံးပျောက်ကွယ် သွားရလိမ့်မယ်။ ရခဲတဲ့လူ့ဘဝကို ခက်ခက်ခဲခဲရလာပြီးမှ သူများအကျိုးအတွက် မပြောနဲ့ ကိုယ့်ဘဝအတွက်တောင် ဘာမှမစွမ်းဆောင် နိုင်ခဲ့ဘူးဆိုရင် အင်မတန်မှ ရှက်ဖို့ကောင်းပါတယ်။
လူချင်းအတူတူ သူများတွေက သူတို့ ဘဝအတွက်၊ သူတို့မိသားစုတွေအတွက်၊ တခြားသူတွေအတွက် အများကြီး စွမ်းဆောင်ပေးသွား နိုင်ခဲ့သေးရင် ကိုယ်ကကိုယ့်ဘ၀ တိုးတက်ဖို့အတွက်တောင် အနည်းအကျဉ်းလေးမှ မစွမ်းဆောင်ဘဲ သေဆုံးသွားခဲ့ရရင် လူဖြစ်ရကျိုး မနပ်ဘူးလို့ပဲ ဆိုရမှာပါ။
ရွေးချယ်ခွင့်မရှိတဲ့အချိန်၊ ရွေးချယ်ခွင့် မရှိခဲ့တဲ့ အရာတွေအတွက် ကျွန်မတို့ ဘဝတွေကို လိုသလိုပုံဖော် မဖန်တီးနိုင်ခဲ့တာ ကျွန်မတို့ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ကိုယ်ပိုင်အသိဉာဏ်၊ ကိုယ်ပိုင်စွမ်းဆောင် နိုင်တဲ့အင်အား၊ စိတ်ဓာတ်ခွန်အားတွေ ရှိနေတဲ့ အရွယ်တစ်ခုရောက်လို့မှ ကိုယ့်ဘဝအတွက် တိုးတက်အောင်မြင်အောင် ဘာမှမလုပ်နိုင်ဘူး ဆိုရင်တော့ လူညံ့တစ်ယောက်နဲ့ ဘာမှမခြားပါဘူး။ ပိုက်ဆံတွေ အရမ်းချမ်းသာရမယ်၊ အောင်မြင်ကျော်ကြားမှုတွေ များစွာရနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဘဝရပ်တည်ချက် တစ်ခုမှာ ကိုယ်တိုင်အပါအဝင် ကိုယ့်မိသားစုအတွက် လူ့ပတ်ဝန်းကျင်လောကမှာ လူတန်းစေ့နေနိုင်ပြီး လှပတင့်တယ်စွာ ရှင်သန်နိုင်ဖို့ ဖန်တီးပေးနိုင်သူ တစ်ယောက်တော့ ဖြစ်နေသင့်ပါတယ်။
အဲ့ဒီလိုလုပ်ဆောင်တဲ့ နေရာမှာလည်း ကိုယ့်အတ္တသက်သက်အတွက် သူများမျက်ရည်ပေါက်ကြီးငယ် ကျပြီးမှ သူများစိတ်ဆင်းရဲ၊ သူများမိသားစုတွေ ပြိုကွဲပြီးမှ ရလာမယ့် ချမ်းသာကြွယ်ဝမှုမျိုးတော့ မဖြစ်ဖို့လိုသလို၊ ကိုယ့်ခွန်ကိုယ့်အား ကိုယ်တိုင်ကြိုးစား အားထုတ်မှုမပါတဲ့ သူများအပေါ် မှီခိုအားကိုးပြီးမှ ရလာတဲ့ ချမ်းသာကြွယ်ဝမှုမျိုး မဖြစ်ဖို့လည်း အရေးကြီးပါတယ်။ သမ္မာအာဇီဝကျကျနဲ့ ကြိုးစားအားထုတ်ပြီး ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘဝကို တိုးတက်အောင်မြင်အောင် လုပ်နိုင်မှသာ လူတော်တစ်ယောက်ဖြစ်မှာပါ။
“မိမိကိုယ်သာ ကိုးကွယ်ရာ” ဆိုတဲ့ စကား၊ “ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ အရှင်သခင်” ဆိုတဲ့စကားတွေက အလကားဖြစ်တည်လာတာ မဟုတ်ပါဘူး။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ကံကောင်းပြီး ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းမှာ လူလာဖြစ်ရတဲ့သူတွေလည်း များစွာရှိပါတယ်။ ဒါက မနာလိုစရာ မဟုတ်ပါဘူး။ သူ့ဘ၀ သူ့ကံကြောင့် ဖြစ်တည်လာခဲ့တဲ့ ဘဝပါ။ ဒါပေမဲ့ မိဘကချမ်းသာလို့ ကိုယ်က ကားစီးနိုင်တာ၊ ငွေတွေသူများထက် ပိုသုံးနိုင်တာက ဂုဏ်ယူစရာ မဟုတ်ပါဘူး။ အဲ့လိုအရာတွေကို ပိုင်ဆိုင်ထားလို့လည်း ဘဝင်မြင့်မာန်တက်ပြီး တခြားသူတွေကို နှိမ်ပြီးဆက်ဆံစရာ မလိုပါဘူး။ မိဘက အောင်မြင်ကျော်ကြားလို့ ကိုယ့်ကို လူသိတာက ကိုယ့်အရည်အချင်း မဟုတ်ပါဘူး။ မိဘတော်လို့ပါ။ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ငွေရှာနိုင်မှ၊ ကိုယ့်ငွေနဲ့ ကိုယ်ဝယ်တဲ့ပစ္စည်းတွေကို သုံးနိုင်မှ ဂုဏ်ယူစရာ ကောင်းတာပါ။ ဒါပေမဲ့ ကိုယ်တိုင်ငွေတွေရှာနေနိုင်၊ သုံးနေနိုင်တိုင်းလည်း လူတော်တစ်ယောက် မဖြစ်သေးပါဘူး။ ကိုယ့်အတွက်အပြင် ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ တခြားလိုအပ်နေတဲ့ သူတွေကိုလည်း တတ်နိုင်သမျှ ပံ့ပိုးကူညီပေးနိုင် ရပါဦးမယ်။ အဲ့ဒီငွေကြေးကို ဘယ်လိုပုံစံနဲ့ ရှာဖွေတာလဲ၊ ဘဝကိုဘယ်လိုပုံစံနဲ့ ရပ်တည်နေတာလဲ ဆိုတာကလည်း သိပ်အရေး ကြီးပါတယ်။
တစ်ခါတုန်းကလည်း အွန်လိုင်းပေါ်မှာ တော်တော်လေး ရေပန်းစားခဲ့တဲ့ ကိစ္စတစ်ခုလည်း အားလုံးသိပြီးသား ဖြစ်မှာပါ။ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ အလှအပကို အရင်းအနှီးပြုပြီး တစ်နှစ်ကို ဒေါ်လာသန်းချီ ဝင်ငွေရှိတဲ့ သူဌေးတစ်ယောက်ကို လက်ထပ်ဖို့ ကြေညာထားတဲ့ ကိစ္စပါ။ အဲ့ဒီမှာ အမျိုးသား တစ်ယောက် ပြန်ဖြေထားတဲ့ အဖြေစကားက သိပ်ကိုထိမိပြီး တန်ဖိုးရှိပါတယ်။ မိန်းကလေး တစ်ယောက်ရဲ့အလှအပဟာ နောက် ၁၀ နှစ်၊ အနှစ် ၂၀ ကြာတဲ့ အချိန်မှာ ယိုယွင်းပျက်စီး သွားပါလိမ့်မယ်။ ဒါပေမဲ့ ငွေရှာနိုင်တဲ့ စွမ်းအင်နဲ့ အသိဉာဏ်ရှိတဲ့ လူတစ်ယောက် အတွက်တော့ နောင် ၁၀ နှစ်ကြာလည်း သူ့ဝင်ငွေက ရှိနေဦးမှာပါပဲ။ တကယ်တမ်း စဉ်းစားတွေးခေါ်တတ်တဲ့ ချမ်းသာတဲ့ ယောကျ်ား တစ်ယောက်က လှပချောမောတယ်ဆိုတဲ့ အချက်တစ်ချက် တည်းနဲ့တင် မိန်းမတစ်ယောက်ကိုလက်ထပ်ဖို့ သူ့ကိုယ်သူ မရင်းနှီး မမြှုပ်နှံပါဘူး။ ချမ်းသာချင်ရင် ကိုယ်တိုင် အသိဉာဏ်နဲ့ ကြိုးစားအားထုတ်မှုကိုသုံးပြီး ချမ်းသာအောင် လုပ်တာက သူမအတွက် ပိုအကျိုးရှိပါတယ်လို့ ရှင်းပြပြောဆိုခဲ့တဲ့ စကားက တကယ်ကို မှန်ကန်တဲ့စကားပါ။ ကိုယ့်ဘဝအောင်မြင် တိုးတက်ဖို့ သူများကိုအားကိုးခဲ့ရင် အဲ့ဒီလူမရှိ တော့တဲ့အခါ ကိုယ်ကဘာမှ မဟုတ်တော့ပါဘူး။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်ဘဝအောင်မြင် တိုးတက်ဖို့ ကိုယ့်ဘာသာကိုယ် ကြိုးစားအားထုတ်မယ်ဆိုရင် ဘယ်သူမှမရှိလည်း ကိုယ့်ဘာသာကိုယ် ဘဝမှာ တင့်တောင့်တင့်တယ် ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။
ကျွန်မတို့တွေက ရခဲလှတဲ့လူ့ဘဝမှာ၊ အချိန်တွေရှိနေတုန်းမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘဝမှာ တိုးတက်အောင်မြင်အောင် လုပ်ဆောင်ရမှာဖြစ်သလို၊ ကိုယ့်ဘဝရပ်တည်မှုအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်အတွက် ပြည့်စုံတဲ့ အခြေအနေတစ်ခု ဖန်တီးပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင် ပေးသင့်ပါတယ်။
ဘီလ်ဂိတ် ပြောခဲ့သလိုပါပဲ။ မွေးဖွားလာစဉ်က ကျွန်မတို့ ဆင်းရဲခဲ့ရင်တောင် ကျွန်မတို့အပြစ်လို့ ဆိုလို့မရပါဘူး။  ဒါပေမဲ့ သေဆုံးတဲ့ အချိန်မှာတော့ ကျွန်မတို့က ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွက်ရော ဘာတွေလုပ်ဆောင် ပေးနိုင်ခဲ့သလဲဆိုတာနဲ့ လူသေသွားရင်တောင်မှ ကိုယ့်ရဲ့နာမည်တစ်ခု လောကမှာ သိက္ခာရှိစွာ ကျန်ရှိနေဖို့အတွက် ရှင်သန်စဉ်ကာလမှာ မှန်ကန်တဲ့ ရပ်တည်မှုတွေနဲ့ ကြိုးစားအားထုတ် လုပ်ဆောင်သင့်ပါတယ်။