၂၀၁၅ ရွေးကောက်ပွဲ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မူလရှေးဦးပြုစုခြင်းလုပ်ငန်းမဟုတ်သော မဲရုံစောင့်ခိုင်းခြင်း၊ မဲရေတွက်ခြင်းများတွင်အသုံးမပြုရန် အစိုးရအဖွဲ့အား ပြောကြားပြီးဖြစ်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပြောကြား

၂၀၁၅ ရွေးကောက်ပွဲ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မူလရှေးဦးပြုစုခြင်းလုပ်ငန်းမဟုတ်သော မဲရုံစောင့်ခိုင်းခြင်း၊ မဲရေတွက်ခြင်းများတွင်အသုံးမပြုရန် အစိုးရအဖွဲ့အား ပြောကြားပြီးဖြစ်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပြောကြား
Published 8 May 2015
ကျော်ဇင်ဝင်း

၂၀၁၅ ရွေးကောက်ပွဲတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မူလရှေးဦးပြုစုခြင်းလုပ်ငန်းမဟုတ်သော မဲရုံစောင့်ခိုင်းခြင်းနှင့် မဲရေတွက်ခြင်းများတွင်အသုံးမပြုရန် အစိုးရအဖွဲ့အား ပြောကြားပြီးဖြစ်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသာလှရွှေက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် သင်တန်းခန်းမတွင် မေ ၈ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းတို့ ပူးတွဲကျင်းပသည့် "သတင်းသမားများနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေရေးရာဆွေးနွေးပွဲ" အဖွင့်အမှာစကားပြောကြားအပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပါမောက္ခဒေါက်တာသာလှရွှေက ထိုသို့ပြောကြားခြင်းဖြစ်သည်။"မကြာခင်ရွေးကောက်ပွဲကလာတော့မယ်လေ။ ရွေးကောက်ပွဲလာတဲ့အခါကျရင်လည်း ကြက်ခြေနီကို အရန်အင်အားအနေနဲ့ နည်းနည်းလေးချော်ပြီး အဓိပ္ပာယ်ဖွင့်လိုက်တဲ့အခါမှာဆိုရင်တော့ သုံးလာနိုင်တာပေါ့။ အဲဒါလည်းမသုံးရအောင်လို့ အစိုးရအဖွဲ့တွေအကုန်လုံးကိုတော့ ဆရာတို့တွေ့ပြီးတော့ ပြောပြီးပါပြီ။ လွှတ်တော်လည်းလေးခု ဆရာတို့သွားပြီးတော့ လွှတ်တော်ကကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးပြီးပါပြီ။ သူတို့လည်း အကုန်လက်ခံကြပါတယ်" ဟု ပါမောက္ခဒေါက်တာသာလှရွှေက ပြောကြားသည်။ရွေးကောက်ပွဲ၌ မဲရုံစောင့်ခြင်း၊ မဲရေတွက်ခြင်း စသည့်လုပ်ငန်းများသည် ကြက်ခြေနီတပ်ဖွဲ့၏ အလုပ်မဟုတ်ကြောင်းကို တပ်ဖွဲ့ဝင်များအား ပြောကြားထားကြောင်း၊ အကယ်၍ မဲလာထည့်သည့် သက်ကြီးရွယ်အိုများ သွားလာရခက်ပါက မဲရုံသို့ခေါ်ဆောင်ပေးခြင်း၊ ပြန်လည်ပို့ဆောင်ပေးခြင်း ဆောင်ရွက်နိုင်ကြောင်း၊ ရှေးဦးပြုစုမှုလိုချင်ပါက ရှေးဦးပြုစုမှုစခန်းအား မဲရုံနားတွင် ဖွင့်ထား၍ရကြောင်း၊ မဲရုံအားစာသင်ကျောင်းထဲ၌လုပ်ထားပါက အခန်းတစ်ခန်းတွင် တပ်ဖွဲ့ဝင်များအနေဖြင့် ရှေးဦးပြုစုခြင်းစခန်းကဲ့သို့ ဖွင့်လှစ်၍ လိုအပ်သည့်အကူအညီပေးရန်သာဖြစ်ကြောင်း ပါမောက္ခဒေါက်တာသာလှရွှေက ပြောကြားသည်။"ဒါပေမဲ့လည်း မဲကခဏလာထည့်တာပဲကွာ။ ရှေးဦးသူနာပြုခြင်းကလည်း ဒီလောက်လိုမယ်လို့မထင်ပါဘူး။ ဆရာဘာလို့ အဲဒါထည့်ပြီးပြောရလည်းဆိုတော့ တစ်လောက မြူနီစပယ်ရွေးကောက်ပွဲမှာ ဆရာတို့ဆီကကြက်ခြေနီအရာရှိတစ်ယောက်က ညဘက်ကြီး ရှစ်နာရီမှာ မဲရုံမှာရောက်နေပြီး အဲဒီမှာပြဿနာတက်ခဲ့ပါတယ်။ ဆရာတို့ကမေးပါတယ်။ ညရှစ်နာရီကြီး ကြက်ခြေနီယူနီဖောင်းကြီးနဲ့ မဲရုံမှာဘာသွားလုပ်နေတာလဲလို့။ သူကမဲရေနေတာတဲ့။ ဒါကတို့အလုပ်မဟုတ်ဘူး။ တို့သည် လူမှုကရုဏာလုပ်ငန်းကို အဓိကလုပ်တဲ့သူဖြစ်တဲ့အတွက်ကြောင့် ဒီလိုဟာတွေက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ လုပ်ရမယ့်အလုပ် ဆရာတို့ဝင်လုပ်နေစရာမလိုဘူးလို့ အဲဒီတုန်းကပြောခဲ့ပါတယ်။ ဒီမှာလည်း အခွင့်အခါရတိုင်း ဆရာတို့တပ်ဖွဲ့ဝင်လေးတွေနဲ့တွေ့တိုင်း ဆရာက ဒါကိုတော့ပြောနေပါတယ်" ဟု ဒေါက်တာသာလှရွှေက ပြောကြားသည်။ထို့ပြင် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား မည်သည့်ပါတီသို့မဲပေးဟု လုံးဝမညွှန်ကြားထားကြောင်း၊ လူတစ်ဦးတစ်ယောက်ချင်းအနေဖြင့် ကြိုက်နှစ်သက်ရာပါတီအား မဲပေးနိုင်ကြောင်း၊ ကြားနေသည့်အဖွဲ့အစည်းအဖြစ် လွတ်လပ်စွာမဲပေးနိုင်သည့် အခွင့်အရေးပေးထားကြောင်း ဒေါက်တာသာလှရွှေက ပြောကြားသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြက်ခြေနီစေတနာလုပ်အားရှင်/တပ်ဖွဲ့ဝင်ပေါင်း နှစ်သိန်းကျော်ရှိပြီး ဆင့်ခေါ်ပါက အမြဲတမ်း အချိန်မရွေးတာဝန်ထမ်းဆောင်နိုင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင်/တပ်ဖွဲ့ဝင်ပေါင်း သုံးသောင်းခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent