ပဲခူးတိုင်းဒေသကြီးရှိ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနေမှု ၇၆ ရာခိုင်နှုန်းပြီးစီးနေပြီး မေလအတွင်း အပြီးသတ်ပြုစုနိုင်ရန်ဆောင်ရွက်မည်

ပဲခူးတိုင်းဒေသကြီးရှိ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနေမှု ၇၆ ရာခိုင်နှုန်းပြီးစီးနေပြီး မေလအတွင်း အပြီးသတ်ပြုစုနိုင်ရန်ဆောင်ရွက်မည်
Published 7 May 2015
ကျော်ဇင်ဝင်း

ပဲခူးတိုင်းဒေသကြီးရှိ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနေမှုမှာ ၇၆ ရာခိုင်နှုန်းပြီးစီးနေပြီး မေလအတွင်း အပြီးသတ်ပြုစုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။လက်ရှိတွင် ဧပြီ ၃၀ ရက်အထိ မဲဆန္ဒရှင်စာရင်း ပြုစုထားနိုင်သည့်အခြေအနေမှာ ပဲခူးခရိုင်တွင် ရာခိုင်နှုန်း ၁၀၀၊ တောင်ငူခရိုင်တွင် ၅၄ ရာခိုင်နှုန်း၊  ပြည်ခရိုင်တွင် ၆၇ ရာခိုင်နှုန်း၊  သာယာဝတီခရိုင်တွင် ၇၁ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးတွင် စာရင်းချုပ်ပါက ၇၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။အဆိုပါမဲစာရင်းပြုစုပြီးစီးသည့် ပဲခူးခရိုင်တွင် ရှစ်မြို့နယ်ပါဝင်ပြီး ကျန်ရှိသည့်သုံးခရိုင်တွင် မြို့နယ် ၂၀ ပါဝင်မည်ဖြစ်သည်။ပဲခူးတိုင်းဒေသကြီးအနေဖြင့် အခြေခံမဲစာရင်းပြုစုခြင်းအား ဇန်နဝါရီလတွင်စတင်ရန် စီစဉ်ထားခဲ့ပြီး မတ်လမှသာ စတင်နိုင်ခဲ့သဖြင့် နှစ်လခန့်နောက်ကျ၍ မဲစာရင်းပြုစုခဲ့ရသော်လည်း မဲစာရင်းစတင်ပြုစုချိန် နှစ်လအကြာတွင် ၇၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ထိုသို့ပြီးစီးနိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးဝင်းမောင်က ပြောကြားသည်။"ကျွန်တော်တို့က မဲစာရင်းကို ၁၄ ရက်ကို ကပ်ဖြစ်အောင်ကပ်နိုင်ချင်တာ။ ဒါမှပိုမှန်မှာလေ။ အဲဒါကြောင့်မို့ တွန်းအားပေးပြီးလုပ်နေတယ်။ အခုပုံတိုင်းဆိုရင် တော်တော်များများ မေလထဲမှာ တိုင်းဒေသကြီးတစ်ခုလုံးပြီးနိုင်လောက်တယ်။ အကြမ်းဖျင်းပြောရလို့ရှိရင် ခန့်မှန်းလို့ရသွားပြီ။ ရာခိုင်နှုန်း ၃၀ လောက်ဆိုတာ ပြီးနိုင်တဲ့အနေအထားရှိတယ်။ IFES ကပေးတဲ့လက်တော့ပ်တွေပဲ အားကိုးလို့မရဘူး။ မြန်မြန်ပြီးချင်တဲ့အခါကျတော့ ဌာနဆိုင်ရာတွေကို အကူအညီတောင်းတယ်။ ဌာနဆိုင်ရာမှာရှိတဲ့ ကွန်ပျူတာတွေ၊ ကွန်ပျူတာကျွမ်းကျင်သူတွေ မေတ္တာရပ်ခံအကူအညီတောင်းရတာပေါ့။ တောင်းတဲ့အခါ အများစုကပေးကြပါတယ်။ ပေးလို့လည်း အဲဒီလောက်ထိဖြစ်လာတာ" ဟု ဦးဝင်းမောင်ကပြောကြားသည်။ထို့ပြင် ပဲခူးခရိုင် ရှစ်မြို့နယ်အတွင်း ပြီးစီးသွားသည့် မဲစာရင်းများအား ကြေညာနိုင်ရန်အတွက် စီစဉ်နေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုချက်ရရှိပါက မေလအတွင်းကြေညာမည်ဖြစ်ကာ လာမည့် မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်နှင့် IFES အဖွဲ့တို့တွေ့ဆုံ၍ မဲစာရင်းမကြေညာမီ ပြည်သူများ မဲစာရင်းကြည့်ရှုရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။အခြေခံမဲဆန္ဒရှင်စာရင်းရေးသွင်းရာတွင် အသုံးပြုနေသည့် လက်တော့ပ်ကွန်ပျူ တာများကို ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် ပြည်ပအဖွဲ့အစည်းတစ်ခုဖြစ်သော International Foundation for Electoral System (IFES) အဖွဲ့က ထောက်ပံ့ပေးထားကြောင်း သိရသည်။ပြည်သူများအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းကြေညာရာတွင် မဲစာရင်းသွားရောက်ကြည့်ရှုရန်လိုအပ်ပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များမှားနေလျှင် ပုံစံ (၄) (ဂ) ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။သို့ရာတွင် ခေတ္တလာရောက်နေထိုင်သူများ (ဥပမာ အခြားမြို့နယ်တွင် သန်းခေါင်စာရင်းရှိပြီး လက်ရှိမြို့နယ်တွင် ဧည့်စာရင်းဖြင့်နေထိုင်သူများ) ၏အမည်များသည် မိမိတို့အမြဲတမ်းနေထိုင်သည့်မြို့နယ်မှ မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်သည်။သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိမူလသန်းခေါင်စာရင်းရှိနေသည့် မြို့နယ်တွင် မဲစာရင်းကပ်ထားပါက မိမိအမည်စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။ရွေးကောက်ပွဲကာလတွင် မဲစာရင်းအမည်ပေါက်ရှိသည့်နေရာတွင် မဲပေးရမည်ဖြစ်သော်လည်း အခြားဒေသတွင်ရောက်ရှိနေ၍ (ဥပမာ အိမ်ငှားနေထိုင်နေခြင်း၊ လုပ်ငန်းဖြင့်သွားရောက်နေထိုင်ခြင်း) မဲပေးလိုပါက အဆိုပါဒေသတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်မီ ရက်ပေါင်း ၁၈၀ အခြေချနေထိုင်၍ လျှောက်ထားမှသာ မဲပေးခွင့်ရှိမည်ဖြစ်သည်။

Most Read

Most Recent