ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး
Published 7 May 2015

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ မေ ၅ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် ဒီမိုကရက်တစ် အကူးအပြောင်းတွင် လွှတ်တော်၏ အခန်းကဏ္ဍ အရေးကြီးပုံများကို ဆွေးနွေးခဲ့ကြသည်။ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အားလုံးပါဝင်သော လူ့အဖွဲ့အစည်း ဖြစ်စေရေးအတွက် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ၊ အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ပေါ်တိုးတက်ရန် အားပေးတိုက်တွန်းခဲ့ကြောင်း ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် လွှတ်တော်တွင် အတည်ပြုရန် ဆွေးနွေးနေသည့် အရေးကြီးသော ဥပဒေကြမ်းများနှင့်လည်း ဆွေးနွေးခဲ့သည်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နှစ်ကျော်ကြာ ညှိနှိုင်းပြီးနောက် ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် အတည်ပြုခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို ကြိုဆိုခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်လက်သွားနိုင်ရေး လွှတ်တော်၏ အပြုသဘောဆောင် ပါဝင်မှုကိုလည်း အားပေးတိုက်တွန်းခဲ့သည်။အလားတူ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီယာကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည်။

Most Read

Most Recent