အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးပြောကြား

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးပြောကြား
Published 5 May 2015
စိုးမင်းထိုက်

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မေ ၅ ရက်တွင်ပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက "တကယ်အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းလိုဟာမျိုးကတော့ လွှတ်တော်ပြန်စတဲ့အချိန် လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးတော့မှ ဆွေးနွေးချက်တွေမူတည်ပြီးတော့မှ ဥပဒေကြမ်းကော်မတီအနေနဲ့ ဆက်သွားလို့ရမှာဖြစ်ပါတယ်" ဟုပြောကြားသည်။ဆက်လက်၍ "ကျောင်းသားတွေကို တရားဝင်အကြောင်းမကြားသေးဘူးဆိုတာက အခုအချိန်မှာ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲတယ် မကွဲလွဲဘူးဆိုတာ မရှိသေးဘူးလေ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် မူတည်ပါတယ်။ ပြည်သူ့လွှတ်တော်ဘက်အတိုင်း သဘောတူမလား၊ မတူဘူးလားဆိုတာ မသိရသေးဘူး။ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်အပေါ်မူတည်ပြီး ကျွန်တော်တို့ကော်မတီက ဆက်လုပ်ရမှာပါ။ အခုထိတော့ အတိအကျမသိရသေးဘူး" ဟုပြောကြားသည်။"ပြည်သူ့လွှတ်တော်အတိုင်း သဘောတူမှာလား၊ အမျိုးသားလွှတ်တော်က အတည်ပြု ထားတဲ့အတိုင်းပဲလား၊ ဒါမှမဟုတ်ရင် ပြည်သူကပြင်တာတစ်ဝက်၊ အမျိုးသားက သဘောတူထားတာတစ်ဝက် ဖြစ်မလားမသိသေးဘူး။ အဲဒီအချက်တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ကော်မတီက သုံးသပ်ရမှာပါ" ဟု ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးက ပြောကြားသည်။ကြားနာပွဲတွင် ကျောင်းသားများနှင့် ညှိနှိုင်းသဘောတူထားသည့် အချက်အလက်များအပေါ်တွင် အကုန်လုံးက ကိုက်ညီနေပါက ထပ်မံတွေ့ဆုံရန်လိုချင်မှ လိုမည်ဖြစ်ကြောင်း၊ အကယ်၍ ကိုက်ညီမှုမရှိဘူးဆိုပါက  အဖြေတစ်ခုရှာပြီးတော့ သုံးသပ်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ယတိပြတ်အနေဖြင့်တွေ့မည်၊ မတွေ့မည်ကို အတိအကျပြော၍မရသေးကြောင်း၊ လွှတ်တာ်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်က အဓိကကျကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။"ကျန်တဲ့ဥပဒေကြမ်းတွေကိုလည်း ဆွေးနွေးမှာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေရှိတယ်။ အဲဒီမှာလည်း အဆိုတင်ခဲ့တဲ့ကိုယ်စားလှယ်က စရိတ်၊ ချီးမြှင့်ငွေပဲတင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဥပဒေကြမ်းကော်မတီအနေနဲ့က ထပ်ဖြည့်ဖို့ဆွေးနွေးထားတာလေးတွေ ရှိပါတယ်။ လက်ရှိမှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က အမိန့်ကြော်ငြာစာနဲ့ပဲသွားနေတာ။ ဒါကို  ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် စနစ်တကျဆောင်ရွက်နိုင်အောင် ဥပဒေကြမ်းမှာထည့်သွင်းဖို့ ညှိနှိုင်းဆွေးနွေးနေတာရှိပါတယ်။ ဥပဒေကြမ်းအသစ်တွေကိုလည်း ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟုပြောကြားသည်။

Most Read

Most Recent