အစိုးရအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၏ ညီလာခံရလဒ်ကို စောင့်ဆိုင်းနေကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

အစိုးရအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၏ ညီလာခံရလဒ်ကို စောင့်ဆိုင်းနေကြောင်း သမ္မတဦးသိန်းစိန် ပြောကြား
Published 4 May 2015
ဇာလီမြင့်ဦး

အစိုးရအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများ၏ ညီလာခံမှ ထွက်ပေါ်လာမည့်ရလဒ်ကို စောင့်ဆိုင်းနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေ ၄ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်က “ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓိကကျတဲ့ တက်လှမ်းမှုဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ NCCT တို့ သဘောတူညီနိုင်ခဲ့ကြပြီးတော့ သဘောတူညီချက်မူကြမ်း လက်မှတ်ရေးထိုးပွဲကို ကျွန်တော်ကိုယ်တိုင် တက်ရောက် အားပေးခဲ့ပါတယ်။ အခုဆိုရင် ဒီသဘောတူစာချုပ် မူကြမ်းကို NCCT အနေနဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ ညီလာခံမှာတင်ပြပြီး အဆုံးအဖြတ်ခံယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို အတည်ပြုလက်မှတ် ရေးထိုးဖို့အတွက် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ ညီလာခံကနေ ပေါ်ထွက်လာမယ့် ရလဒ်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း မိဘပြည်သူများထံ အသိပေး တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်များ၏ သဘောသဘာဝသည် သိမ်မွေ့နက်နဲပြီး ခရီးရှည်ကြီးတစ်ခုကို ချီတက်ရသည်နှင့် တူသည့်အတွက် အစိုးရတစ်ရပ်၏ သက်တမ်းကာလ အတွင်း၌ အပြီးသတ်ရရှိရန် မလွယ်ကူသည်ကို ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ရသည့် နိုင်ငံတိုင်းမှာ သက်သေသာဓက ရှိပြီးဖြစ်ကြောင်းနှင့် မိမိတို့အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ကြိုးပမ်းနေရသည့် ရည်ရွယ်ချက်မှာ မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ငြိမ်းချမ်းရေးဖြစ်စဉ်များကို အစကနေ ပြည်လည်စတင်စရာမလိုဘဲ၊ ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့ဘဲ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုများ စတင်နေပြီဆိုသည့် အဆင့်ကို အခြေခံအုတ်မြစ် အနေဖြင့် တည်ဆောက်ပေးနိုင်ရန်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
“မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတဲ့အချက်ကို အင်အားစုအားလုံးကလည်း လက်ခံထားတာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ဆောလျင်နိုင်သမျှ ဆောလျင်စွာ စတင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ရည်မှန်းချက်ထား ကြိုးပမ်းနေတာ ဖြစ်ကြောင်းကိုလည်း အသိပေးတင်ပြလိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် သမ္မတဦးသိန်းစိန်က နိုင်ငံတကာ ဆက်ဆံရေး၌ မိမိတို့နိုင်ငံ၏ တစ်ချိန်ကလို ဝင့်ထည်မှုမျိုး ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် မိမိအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရေး၊ ပြည်သူများ၏ စီးပွားရေးပြန်လည် ဖွံ့ဖြိုးတိုးတက်လာရေးနှင့် မိမိတို့၏မျိုးဆက်သစ် လူငယ်များအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်များ ဖန်တီးပေးနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိတွင်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား ၂၀၁၅ မတ် ၃၁ ရက်က သဘောတူပြီးဖြစ်သည့် အပစ်ရပ်မူကြမ်းကို NCCT ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် တင်ပြကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ သဘောထား ရယူရန်အတွက် ဆောင်ရွက်နေကြောင်း NCCT အဖွဲ့ခေါင်းဆောင်များက ပြောကြားထားသည်။
 တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်ခေါင်းဆောင်များ အတည်ပြုပြီးပါက လက်မှတ်ရေးထိုးမည့် ကိုယ်စားလှယ်များ၊ ပါဝင်လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းများ ကိစ္စတို့ကို အပြီးသတ်ညှိနှိုင်းကာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို မေလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းလည်း သတင်းရရှိသည်။
 

Most Read

Most Recent