ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ရှိလာ

ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ရှိလာ
Published 4 May 2015
အောင်ရဲကို

ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ ဟိုတယ်အလုံးရေ က ၄၇ လုံးအထိရှိလာပါပြီ။ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံရှိပါတယ်” ဟု Hoang Anh Gia Lai Myanmar နှင့် စပိန်အခြေစိုက် Melia Hotels International တို့ ပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။
စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင်၊ ဂျပန်၊ မလေးရှား၊ ဗြိတိန်၊ လူဇင်ဘတ်နှင့် ယူအေအီးနိုင်ငံများမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံထားပြီး အခြားပြည်တွင်း ဖက်စပ်လုပ်ကိုင်နေသည့် နိုင်ငံများလည်းရှိကြောင်း သိရသည်။
ခရီးသွားကဏ္ဍကို စီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်လာမှုကြောင့် နိုင်ငံခြားသားများ ဝင်ရောက်မှုမြင့်တက် လာခြင်းနည်းတူ ဟိုတယ်တည်ဆောက်မှုလုပ်ငန်းများတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များလည်း  ဟိုတယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှု များပြားလာခဲ့သည်။
ထုတ်ပြန်ခဲ့သော စာရင်းများအရ ၂၀၁၁ ခုနှစ်က ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ ကျပ်  ၅၅  ဘီလျံကျော်သာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ဟိုတယ် ၁၁၀၆ လုံးထိတည်ဆောက်ခဲ့ပြီး ကျပ် ၆၀၀ ဘီလျံကျော်အထိ ရှိလာခဲ့သည်။
၎င်းင်းအပြင် စာရင်းထဲတွင် မထည့်သွင်းရသေးဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ ရောက်ရှိနေသော ဟိုတယ်ကဏ္ဍ၏ ပြည်ပမှရင်းနှီးမှုများလည်းရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များ ဘက်မှလည်း ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများ တည်ဆောက်ရန် ဟိုတယ်နှင့် ဝန်ကြီးဌာနသို့ လာရောက် လျှောက်ထားမှုမှာ များပြားနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းထံမှ သိရသည်။
ယင်းအခြေအနေများကြောင့် ၂၀၁၅ ခုနှစ်တွင် ဟိုတယ်ကဏ္ဍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်လာသုံးဘီလျံနှင့် အထက်ရှိလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
ပြည်ပခရီးသည် လာရောက်မှုများပြားရန် အတွက်လည်း ပင်မခရီးသွားစီမံကိန်းကို စတင်လုပ်ကိုင်နေပြီဖြစ်ပြီး မြန်မာ့အထင်ကရ နေရာများဖြစ်သော ပုဂံ၊ အင်းလေး၊ မြောက် ဦး၊ ရန်ကုန်တို့အပြင် ကမ်းခြေဒေသများနှင့် တိုင်းရင်းသား ဒေသများတွင် ခရီးသွားဒေသအဖြစ် တိုးမြှင့်သတ်မှတ်ခြင်းများ၊ သွားလာရေး အဆင်ပြေစေရေးအတွက် စီမံကိန်းများ အကောင်အထည် ဖော်သွားမည်ဟု သိရသည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား သုံးသန်းနှင့် ငါးသိန်းဝင်ရောက်ခဲ့ပြီး အမျိုးသား ဝင်ငွေအနေဖြင့် ဒေါ်လာတစ်ဘီလျံကျော် ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။