တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သံသယဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ တိုက်တွန်း

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သံသယဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ တိုက်တွန်း
Published 30 April 2015
ကျော်ဇင်ဝင်း

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သံသယများဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက တိုက်တွန်းကြောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဧပြီ ၂၉ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။အဆိုပါ ထုတ်ပြန်ချက်၌ ၂၀၁၅ ခုနှစ် မတ် ၂၉ ရက်မှစတင်၍ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ အပြစ်မဲ့ပြည်သူ များစွာမှာ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း သိရသည့်အတွက် ကျွနု်ပ်တို့ပါတီမှ အထူးစိုးရိမ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ထို့ပြင် စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီလိုသော အဖွဲ့များက အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ကျွနု်ပ်တို့ပါတီက ညှိနှိုင်းဆောင်ရွက်မှု ပြုနိုင်ခဲ့စေကာမူ စစ်ဘေးရှောင် ဒုက္ခသည်များ၏ အတည်တကျနေထိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကူညီရေး အဖွဲ့များစွာမှာ အဆင်ပြေစွာ ဆောင်ရွက်မှု မပြုနိုင်သေးကြောင်း တွေ့ရှိရသဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးကို အဆောတလျင် စီစဉ်ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ထို့အတူ အပြစ်မဲ့ ပြည်သူများကို သံသယနှင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ရှိနေသဖြင့် ဒေသခံပြည်သူများ အထူးပင် စိုးရိပ်သောကရောက်နေကြောင်း သိရှိနေရသည့်အတွက် ဒေသအာဏာပိုင်များ အနေဖြင့် အပြစ်မဲ့ ပြည်သူများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းကြောင်းနှင့် ဒီမိုကရေစီ အပြောင်းအလဲ ပိုမိုပီပြင်လာစေရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွင်  လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးဆွေးနွေးမှု စားပွဲပိုင်းဖြင့် အမြန်ဆုံးဖြေရှင်းကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်မှုတွင် ပါဝင်သည်။ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အနီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့မှုများ ဖြစ်ပွားပြီး အဆိုပါအဖွဲ့မှ အဖွဲ့ဝင်အချို့နှင့် လက်နက်များ၊ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိထားကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent