အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် ကျောင်းသားများနှင့် ထပ်မံ၍ တွေ့ဆုံဖွယ်ရှိလာနိုင်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြောကြား

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် ကျောင်းသားများနှင့် ထပ်မံ၍ တွေ့ဆုံဖွယ်ရှိလာနိုင်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြောကြား
Published 29 April 2015
စိုးမင်းထိုက်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် ကျောင်းသားများနှင့် ထပ်မံ၍ တွေ့ဆုံဖွယ်ရာ ရှိကောင်းရှိလာနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။အမျိုးသားလွှတ်တော် အစည်းအဝေး ပြန်စချိန်တွင် အရေးကြီးဆုံး ဆောင်ရွက်ရမည့် ဥပဒေမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဖြစ်ကြောင်း၊ ယင်းဥပဒေအပြင် အခြားဥပဒေများလည်း ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။“ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြန်လည်ပေးပို့လာပါတယ်။ ပြန်လည်ပေးပို့လာတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ်တွင် အဓိက မူတည်ထားသည်မှာ ကျောင်းသားတွေ ဖြစ်ပါတယ်။ အဲဒီတော့ ကျောင်းသားတွေနဲ့တော့ တွေ့ဆုံဖွယ်ရာ ရှိကောင်းရှိနိုင်ပါတယ်။ အသေအချာတော့ မပြောနိုင်သေးဘူးပေါ့” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာမှု အစီအစဉ်များကို မတ် ၅ ရက်မှ ၁၈ ရက်အထိ ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ စသည်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အနေဖြင့် ဆွေးနွေးချက်များအား အစီရင်ခံစာအဖြစ် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များဖြင့် အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် အမျိုးသားလွှတ်တော်သို့ ဧပြီ ၉ ရက်တွင် ပြန်လည်ပေးပို့လာကြောင်း၊ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအား ဆွေးနွေးမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်ပြန်စချိန်တွင် စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာထားသည်။အမျိုးသားလွှတ်တော်အနေဖြင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပီအာရ်စနစ်၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းများအား လွှတ်တော်တွင် အတည်မပြုမီ ပြင်ပအဖွဲ့အစည်းများအား ဖိတ်ကြားကာ ကြားနာမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။“နောက် အရေးကြီးတာ တစ်ခုက ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေလည်း ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ထားတာ။ အဲဒါက ဘာလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် အောက်ခြေဝန်ထမ်းတွေပေါ့။ သူတို့အတွက် စရိတ်ချီးမြှင့်ငွေက အနည်းအကျဉ်းလောက်ပဲ ရှိတယ်။ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် သူတို့ကိုလည်း ထိုက်သင့်တဲ့ စရိတ်ချီးမြှင့်ငွေတော့ ပေးရမယ်။ အဲဒီဥပဒေကလည်း အရေးကြီးတဲ့ ဥပဒေတစ်ခုတော့ ဖြစ်လာမှာပဲ” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ဆက်လက်၍ ဒေါက်တာမြတ်ဉာဏစိုးက “နောက်ပြီးတော့ ကြားနာမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးပြီ။ မျိုးစောင့်ဥပဒေထဲမှာမှ တစ်ခုပဲ ထွက်သေးတယ်။ လူဦးရေတိုးပွားမှုနှုန်း ထိန်းညှိခြင်း ဥပဒေပေါ့။ ပြည်သူ့လွှတ်တော်က ပြန်ပို့ထားတဲ့ ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားခြင်း ဥပဒေပေါ့။ အဲဒါကလည်း အရေးတကြီး ဆောင်ရွက်ရမယ့် ဥပဒေပဲ။ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဥပဒေကတော့ တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့်လည်း ဆွေးနွေးပြီးပြီ။ ဒီအထဲမှာ ဘာသာကူးပြောင်းတာကို မှတ်ပုံမတင်ရင်လည်း အရေးယူ ဆောင်ရွက်မှုတော့ မရှိဘူး။ ဒီဥပဒေထဲမှာ မှတ်ပုံတင်ခြင်း ဘုတ်အဖွဲ့မှာ အစိုးရဝန်ထမ်းတွေ အရမ်းများနေတယ်။ ပြင်ပက ပုဂ္ဂိုလ်တွေ များများပါဝင်နိုင်ရင် ကောင်းမယ်ဆိုပြီး အကြံပြုထားတာတွေ ရှိပါတယ်။ ပြန်စဉ်းစားရမှာပေါ့” ဟု ပြောကြားသည်။လက်ရှိဆောင်ရွက်နေသည့် ဥပဒေကြမ်းများအပြင် အသစ်တင်လာမည့် ဥပဒေကြမ်းများကိုလည်း ယခုအကြိမ်တွင် အပြီးဖြတ်ရမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေးက ရှိချင်မှ ရှိတော့မည်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဥပဒေကြမ်းများအား အပြီးဖြတ်ရမည်ဖြစ်ကြောင်း၊ ပထမအကြိမ်တွင် အတည်မပြုနိုင်ဘဲ ဥပဒေကြမ်းများ ကျန်ခဲ့မည်ဆိုပါက နောက်တစ်ကြိမ် သက်တမ်းတွင် အခက်အခဲ ရှိနိုင်ကြောင်း၊ အဆက်အစပ်မရှိ ဖြစ်သွားနိုင်ကြောင်း၊ ယခုသက်တမ်းတွင် ပြီးပြတ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

Most Read

Most Recent