နယ်စပ်မှ ဆန်လုပ်ငန်းရှင်များ ဆန်ထွက်ရာ ပင်ရင်းဒေသများအထိ ဆင်း၍ ဝယ်ယူမှုများ ရှိသဖြင့် ဆန်ဈေး ဆက်တိုက်မြင့်တက်

နယ်စပ်မှ ဆန်လုပ်ငန်းရှင်များ ဆန်ထွက်ရာ ပင်ရင်းဒေသများအထိ ဆင်း၍ ဝယ်ယူမှုများ ရှိသဖြင့် ဆန်ဈေး ဆက်တိုက်မြင့်တက်
Published 29 April 2015
ချမ်းမြေ့သူ

နယ်စပ်မှ ဆန်လုပ်ငန်းရှင်များ ဆန်ထွက်ရာဒေသများအထိ ဆင်း၍ ဝယ်ယူမှုများ ရှိသဖြင့် ဆန်ဈေး ဆက်တိုက်မြင့်တက်နေကြောင်း သိရသည်။“အခုဆိုရင် မူဆယ်နယ်စပ်ဘက်က ဆန်ကုန်သည်တွေက စပါးထွက်တဲ့ ပင်ရင်းဒေသတွေအထိ ဆင်းဝယ်လာတယ်။ ဥပမာ - ဧရာဝတီတိုင်းအထိ ဆင်းလာတာမျိုးပေါ့။ ပုံမှန်ပြည်တွင်းက အရောင်းအဝယ်လုပ်တဲ့သူတွေ လုပ်ငန်းရှင်တွေကလဲ ပုံမှန်အတိုင်း ဝယ်လှောင်တယ်။ အဲဒီအချိန်မှာ နယ်စပ်ဘက်က လုပ်ငန်းရှင်တွေကလည်း ပင်ရင်းအထိ ဆင်းလာပြီး ဝယ်တဲ့အတွက် ဆန်ဈေးက တစ်ရက်နဲ့တစ်ရက် အနည်းနဲ့အများဆိုသလို တက်နေတယ်။ ဆန်ကြမ်းဆိုရင် အခု တစ်အိတ်ကို ၁၈၀၀၀၊ ၁၈၅၀၀ ကျပ်လောက်အထိ တက်လာတယ်” ဟု ဆန်ပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ပြည်တွင်းဆန်ရောင်းဝယ်ရေး ဈေးကွက်အတွင်း၌လည်း သင်္ကြန်ပိတ်ရက် မတိုင်ခင်က ကုန်အဝင်နည်းခြင်းကြောင့် ဈေးကွက်အတွင်း၌ ဆန်တစ်အိတ်လျှင် ၁၀၀၀ မှ ၂၀၀၀ အထိ ဈေးတက်ခဲ့ပြီး သင်္ကြန်ကာလပြီးဆုံးချိန် ဈေးကွက်ပြန်ဖွင့်ချိန်၌ ယခင်ဈေးထက် တစ်အိတ်လျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အထိ ဈေးထပ်မံမြင့်တက်သွားကြောင်း သိရသည်။ဆန်တင်ပို့သည့် ဈေးကွက်အတွင်း၌လည်း တရုတ်နိုင်ငံဘက်က ဝယ်ယူမှုများနေသည့်အတွက် ဆန်ဈေးမြင့်သည်ဟု သိရပြီး တစ်ရက်လျှင် တရုတ်ဘက်သို့ ဆန်အိတ်ရေ ခြောက်သောင်းနီးပါးအထိ တင်ပို့မှုရှိကြောင်း မူဆယ်ဆန်စပါးဈေးကွက်မှ သိရသည်။“Export သွားတာ များနေတယ်ဆိုရင် ဆန်ကြမ်းဈေးပဲ တက်ရမှာ။ အခုက ဆန်ကြမ်းရော ဆန်ချောရော ဈေးတက်နေတာ။ တစ်ရက်နဲ့တစ်ရက်တောင် ဈေးမတူဘူး။ ထုံးစံက သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီးမှာ ဈေးကတက်နေကျပဲ။ အခုက မနှစ်ကနဲ့ မတူဘူး။ တရိပ်ရိပ် တက်နေတယ်။ ဧရာဝတီတိုင်းဘက်က ဆန်ဈေးတွေဆို ဈေးပိုတက်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန်ဆိုင်မှ ဒေါ်စန္ဒာရွှေက ပြောကြားသည်။လက်ရှိ၌ တရုတ်နိုင်ငံ ဈေးကွက်ဘက်သို့ တင်ပို့မှု အများဆုံးဖြစ်သည့် မူဆယ်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးဘက်မှ ဆန်များဝင်ရောက်မှု အများဆုံးဖြစ်နေကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ စုံစမ်းသိရသည်။
 
ကာလအလိုက် ဆန်ဈေးနှုန်းမြင့်တက်မှုများ (တစ်အိတ်၊ ကျပ်)   
အမျိုးအစား
၁၃.၃.၂၀၁၅
၃၀.၃.၂၀၁၅
၂၆.၄.၂၀၁၅
၂၉.၄.၂၀၁၅
ဖျာပုံပေါ်ဆန်းမွှေး
၃၇၀၀၀
၃၈၅၀၀
၄၀၀၀၀
၄၀၀၀၀
ရွှေဘိုပေါ်ဆန်းမွှေး
၄၀၀၀၀
၄၂၀၀၀
၄၃၅၀၀
၄၄၀၀၀
ပုသိမ်ပေါ်ဆန်းမွှေး
၃၂၀၀၀
၄၀၀၀၀
၄၂၀၀၀
၄၂၅၀၀
တောင်ပျံ
၃၆၀၀၀
၃၇၅၀၀
၃၉၀၀၀
၃၉၀၀၀
ပေါ်ကျွဲ
၂၂၀၀၀
၂၃၀၀၀
၂၄၀၀၀
၂၅၀၀၀
ငစိန်
၁၇၀၀၀
၁၇၅၀၀
၁၇၅၀၀
၁၈၀၀၀
ဇီရာ
၁၇၀၀၀
၁၇၅၀၀
၁၈၀၀၀
၁၉၀၀၀
 

Most Read

Most Recent