မလေးရှား အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ ထူးခြားအဆိုပြုချက်များတွင် မြန်မာနိုင်ငံဘက်က သီးခြားဝင်ရောက်ပြောဆိုခြင်းမရှိခဲ့

မလေးရှား အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ ထူးခြားအဆိုပြုချက်များတွင် မြန်မာနိုင်ငံဘက်က သီးခြားဝင်ရောက်ပြောဆိုခြင်းမရှိခဲ့
Published 28 April 2015

၂၀၁၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံကရယူခဲ့ပြီး ပထမဆုံးပြုလုပ်ခဲ့သည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ ထူးခြားအဆိုပြုချက်များတွင် မြန်မာနိုင်ငံဘက်က သီးခြားဝင်ရောက်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။မလေးရှားအာဆီယံထိပ်သီးဆွေးနွေးပွဲကာလအတွင်း ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်အရေး စိုးရိမ်မှု၊ မလေးရှားနိုင်ငံက အာဆီယံဘုံစံတော်ချိန် (ASEAN Common Time Zone) သတ်မှတ်ရေး၊  အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့က အာဆီယံထိပ်သီးဆွေးနွေးပွဲကို တစ်နှစ်တစ်ကြိမ်သာပြုလုပ်ရေး၊ ထိုင်းနိုင်ငံက အာဆီယံ၏အရေးပါမှုနှင့် အနာဂတ်ဖွဲ့စည်းမှုပုံစံအား မဟာဗျူ ဟာကျကျ အကောင်အထည်ဖော်ရေးတင်ပြမှု အစရှိသည်တို့ကိုပြုလုပ်ခဲ့ကြသည်။ထိုအကြောင်းအရာများကို ဧပြီ ၂၆ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ စတင်ဆွေးနွေးခဲ့ပြီး ဧပြီ ၂၇ ရက် ခေါင်းဆောင်များတွေ့ဆုံချိန်၌လည်း ပြောဆိုမှုများရှိခဲ့သည်။"ကျွန်တော်တို့ကတော့ အဲဒီကိစ္စတွေမှာ သီးခြားပြောတာမရှိဘူး။ တချို့နိုင်ငံတွေကတော့ အာဆီယံရဲ့ တစ်ခုတည်းသောစံတော်ချိန်ဖြစ်ဖို့ကိစ္စကို မဖြစ်နိုင်သေးဘူးဆိုတဲ့ ဆွေးနွေးတဲ့နိုင်ငံတွေရှိပါတယ်။ မလေးရှားက ဒါကိုအဆိုပြုတာပေါ့။ ဒါပေမဲ့ နိုင်ငံအများအပြားက  လောလောဆယ် ဒါမဖြစ်နိုင်ဘူးဆိုတဲ့ဟာနဲ့ ပြောတာရှိတယ်" ဟု သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧပြီ ၂၇ ရက် အာဆီယံခေါင်းဆောင်များ၏ မျက်နှာစုံညီအစည်းအဝေးအခြေအနေနှင့်ပတ်သက်ပြီး လန်ကာဝီ၌ The Daily Eleven သို့ပြောကြားသည်။ဧပြီ ၂၇ ရက် ညပိုင်းတွင် လန်ကာဝီ၌ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင်မူ ကြေညာစာတမ်းသုံးခုကို အတည်ပြုခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကဆိုသည်။"သီးသန့်အစည်းအဝေးရဲ့သဘောကတော့ အစည်းအဝေးပြီးလို့ရှိရင် ထုတ်ပြန်လေ့မရှိပါဘူး။ သို့သော်လည်း အခုအပိတ်အစီအစဉ်မှာ အတည်ပြုခဲ့တဲ့ ကြေညာချက်သုံးခုနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာပေါ့။ ဆွေးနွေးကြပြီးတော့ အခုတော့လည်း ဒါတွေကို အတည်ပြုချမှတ်လိုက်တဲ့အနေအထားပါ" ဟု ဦးဝဏ္ဏမောင်လွင်က The Daily Eleven သို့ ပြောကြားသည်။ထိုသို့အတည်ပြုခဲ့သည့် ကြေညာချက်သုံးခုမှာ ကွာလာလမ်ပူကြေညာစာတမ်း၊ လန်ကာဝီကြေညာစာတမ်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုကြေညာစာတမ်းတို့ ဖြစ်သည်။လန်ကာဝီကြေညာစာတမ်းသည် ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက်မှုဆန့်ကျင်ရေး ကြေညာချက်ဖြစ်သည်။ ထိုကြေညာချက်တွင် အာဆီယံ၏ညီညွတ်မှု၊ စည်းလုံးမှုကိုတိုးမြှင့်ရန်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန်အချက်များ ပါဝင်သည်။ကွာလာလမ်ပူကြေညာစာတမ်းသည် လူထုဗဟိုပြု အာဆီယံဖြစ်ရေးကို အဓိကထားခဲ့သည်။ (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအဝေးများကို ဧပြီ ၂၄ ရက်မှ ၂၈ ရက်အထိ ကွာလာလမ်ပူနှင့် လန်ကာဝီကျွန်းတို့၌ ပြုလုပ်ခဲ့သည်။ အစည်းအဝေးကာလအတွင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်သည် ၎င်းတို့၏ ပြည်တွင်းနိုင်ငံရေးအခြေအနေအရ ဖိအားပေးခံရမှုများ ရှိနေခဲ့သည်။ထို့အတူ အာဆီယံဆွေးနွေးပွဲကာလအတွင်း တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့သည့်အပြင် အာဆီယံဘုံစံတော်ချိန်သတ်မှတ်ရေး ထပ်မံကြိုးပမ်းမှုမှာလည်း အောင်မြင်မှုမရရှိခဲ့ပေ။

Most Read

Most Recent