၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ ဘီလျံကျော်အနက် အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ ဘီလျံကျော်အနက် အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်
Published 27 April 2015
နီလာ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုပ မာဏကို ဒေါ်လာ ၂၆ ဘီလျံနီးပါးရရှိရန် လျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန် တွင် ဒေါ်လာ ၂၈ဘီလျံကျော်သည်အထိ ကုန်သွယ်မှုပြု နိုင်ခဲ့ကြောင်း၊ ယင်းတို့အနက် အများစုမှာ အရှေ့အာရှနိုင်ငံများနှင့် ကုန်သွယ်မှု ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၁၃ ဘီလျံ အထိရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ပြည်ပကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၂၆ ဘီလျံနီးပါး ရရှိဖို့လျာထားတယ်။ တကယ်တမ်းမှာ ၂၈ ဘီလျံကျော်တဲ့အထိ ရခဲ့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက ဒေါ်လာ ၂၈ ဘီလျံကျော်ရှိတဲ့အထဲက အရှေ့အာရှ နိုင်ငံတွေနဲ့က ဒေါ်လာ ၁၃ ဘီလျံအထိ ကုန်သွယ်မှုပြု ထားတဲ့အတွက် အရှေ့အာရှနိုင်ငံတွေနဲ့ ကုန်သွယ်မှုအများဆုံးပါပဲ။ ဒုတိယအများဆုံးကတော့ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်မှုဖြစ်ပြီးတော့ ပမာဏ ဒေါ်လာ ၁၁ ဘီလျံအထိ ရှိခဲ့ပါတယ်။ ကျန်တာကတော့ အခြား အီးယူနဲ့ အမေရိကန်တို့ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပကုန်သွယ်မှု ၂၈ ဘီလျံကျော်တွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၁ ဘီလျံရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၆ ဘီလျံကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အဓိကတင်ပို့မှု အများဆုံးပို့ကုန်မှာ စက်မှုကုန်ချောပစ္စည်း၊ လယ်ယာထွက်ကုန်နှင့် သတ္တုစသည်တို့ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကို လေ့လာကြည့်ရင် ပို့ကုန်ထက်သွင်းကုန်က ပိုများနေတယ်။ အဲဒီအတွက် ကုန်သွယ်မှုလိုငွေတွေ ဆက်တိုက်ပြနေတယ်” ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက လက်ရှိကုန်သွယ်မှု အခြေအနေမှာ ပျှမ်းမျှတစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း  ၅၀၀ ခန့်ရှိပြီး ကုန်သွယ်မှုလိုငွေမှာလည်း တစ်ပတ်လျှင် ဒေါ်လာသန်း ၁၄၀ ကျော်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၈၄၂၁ ဒသမ ၃၁၆ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၄၈၆၈ ဒသမ ၇၃၉ သန်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ဒေါ်လာ ၂၈ ဘီလျံကျော်အထိ ရရှိခဲ့သည်။                      

Most Read

Most Recent