မတ်လကုန်အထိ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် လိုင်စင်ရဟိုတယ် အလုံးရေပေါင်း ၁၁၄၈ လုံးရှိပြီး ရန်ကုန်နှင့် မန္တလေးတွင် အများဆုံးဖွင့်လှစ်ထား

မတ်လကုန်အထိ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် လိုင်စင်ရဟိုတယ် အလုံးရေပေါင်း ၁၁၄၈ လုံးရှိပြီး ရန်ကုန်နှင့် မန္တလေးတွင် အများဆုံးဖွင့်လှစ်ထား
Published 27 April 2015
ချမ်းမြေ့သူ

၂၀၁၅ ခုနှစ် မတ်လကုန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် လိုင်စင်ရဟိုတယ် အလုံးရေပေါင်း ၁၁၄၈ လုံးရှိပြီး ရန်ကုန်နှင့် မန္တလေးတွင် အများဆုံး ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်များအား ချထားပေးရာတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် အသီးသီးတို့တွင် လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင် ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။
မတ်လကုန်အထိ စာရင်းများအရမူ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ခွင့်ရရှိထားသည့် ဟိုတယ်အလုံးရေ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အလုံးရေ ၂၉၈ လုံးမှ အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၁၃၉၉၀ ၊ မန္တလေးတိုင်းဒေသကြီးတွင် အလုံးရေ ၁၄၈ လုံးမှ အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၆၀၆၉ ခန်းရှိကြောင်း သိရသည်။
တောင်ကြီး/အင်းလေးဒေသတွင်မူ ဟိုတယ်အလုံးရေ ၉၃ လုံးမှ အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၂၈၁၀ ရှိပြီး ပုဂံ/ညောင်ဦးဒေသတွင် အလုံးရေ ၇၇ လုံးမှ အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၂၄၈၄ ခန်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့်မူ ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧည့်သည် နှစ်သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် သုံးသန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ငါးသန်းကျော်အထိ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။
နှစ်စဉ် တိုးတက်ဝင်ရောက်လာသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များကြောင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိလျက်ရှိပြီး ၂၀၁၄ ခုနှစ်က နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။
လအလိုက် ဟိုတယ်လုပ်ငန်းလိုင်စင် ချထားပေးရသည့် အလုံးရေတိုးတက်လျက်ရှိပြီး နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့်လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံလုပ်ကိုင်မှု များပြားလျက်ရှိကြောင်း သိရသည်။