WBA (စူပါ)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်း လက်ဝှေ့စိန်ခေါ်ပွဲကို ဧပြီ ၂၅ ရက်က အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့ရာ လက်ရှိချန်ပီယံ ယူကရိန်းလက်ဝှေ့သမား ဝလာဒီမာကလစ်ရှ်ကိုက စိန်ခေါ်သူ အိမ်ရှင်နိုင်ငံသား ဘရိုင်ယန်ဂျန်နင်းစ်ကို အမှတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံခါးပတ်များ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။ယင်းပွဲကို နယူးယောက်မြို့ရှိ Madison Square Garden ၌ ကျင်းပခဲ့ပြီး ကလစ်ရှ်ကိုအနေဖြင့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အမေရိကန်နိုင်ငံတွင် ပထမဆုံးအကြိမ် ပြန်လည်ထိုးသတ်သည့် ပွဲစဉ်လည်း ဖြစ်သည်။ ဘရိုင်ယန်ထက် အရပ် သုံးလက်မခန့် ပိုမိုမြင့်မားသည့် ကလစ်ရှ်ကိုသည် ယင်းအားသာချက်ကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဝဲဘက်လက်သီးချက်များဖြင့် အဓိက ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ၁၂ ချီ ပြီးဆုံးချိန်အထိ အလဲထိုးနိုင်ခြင်း မရှိသဖြင့် ဒိုင်များ၏ အဆုံးအဖြတ်ခံယူခဲ့ရာ ဒိုင်နှစ်ဦးက ၁၁၆-၁၁၁ မှတ်၊ ကျန်တစ်ဦးက ၁၁၈-၁၀၉ မှတ်ဖြင့် ကလစ်ရှ်ကိုအား အငြင်းပွားဖွယ်မရှိ အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ ကလစ်ရှ်ကိုသည် ကစားသမားဘဝတစ်လျှောက် ၆၇ ပွဲ ထိုးသတ်ခဲ့ရာ အလဲထိုးပွဲ ၅၃ ပွဲအပါအဝင် နိုင်ပွဲ ၆၄ ပွဲရရှိကာ ရှုံးပွဲသုံးပွဲသာ ရှိထားပြီး ဘရိုင်ယန်မှာမူ ပွဲ ၂၀ ထိုးသတ်ရာတွင် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကလစ်ရှ်ကိုသည် ၂၀၀၄ ခုနှစ် ဧပြီလနောက်ပိုင်း ရှုံးပွဲမရှိဘဲ နောက်ဆုံးထိုးသတ်သည့် ၂၂ ပွဲဆက်တိုက်နှင့် ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ကာကွယ်ပွဲ ၁၈ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ဘရိုင်ယန်က ကျွန်တော် ညာလက်သီးနဲ့ထိုးဖို့ အခွင့်အရေး မပေးခဲ့ပါဘူး။ သူ့ရဲ့ ထိုးချက်တွေကမြန်ပြီး ခြေထောက်ရွေ့လျားမှုက ကောင်းမွန်သလို အားကစားသမားပီသတဲ့၊ ချန်ပီယံဖြစ်ဖို့ ကြိုးစားယှဉ်ပြိုင်တဲ့သူပါ” ဟု ကလစ်ရှ်ကိုက ပြောကြားခဲ့သည်။
ဟဲဗီးဝိတ်ချန်ပီယံခါးပတ်များ ကာကွယ်နိုင်ခဲ့သူ ကလစ်ရှ်ကို (ယာ)၏ ညာလက်သီးချက် ဘရိုင်ယန်၏ မျက်နှာကို ထိမှန်နေစဉ် (Photo:AFP)
ဘရိုင်ယန်ကို အမှတ်ဖြင့် အနိုင်ယူပြီး ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်များကို ကလစ်ရှ်ကို ကာကွယ်
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago