တရုတ်နှင့် တရားဝင်ဆန်တင်ပို့မှု စတင်ရန်ရှိရာ ယခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့ရန် မျှော်မှန်းထား

တရုတ်နှင့် တရားဝင်ဆန်တင်ပို့မှု စတင်ရန်ရှိရာ ယခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့ရန် မျှော်မှန်းထား
Published 23 April 2015

ယခုနှစ် တရုတ်နှင့် တရားဝင်ဆန်တင်ပို့မှု စတင်ရန်ရှိရာ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။
“ကျွန်တော့်အမြင်အရ အခုနှစ် အနည်းဆုံး တန်နှစ်သန်းလောက် တင်ပို့နိုင်မယ်။ ဘာကြောင့်လဲဆိုတော့ တရုတ် COFCO  နဲ့ လက်မှတ်ထိုးထားတယ်။ လက်မှတ်မထိုးခင် တရုတ်ဘက်က ဖမ်းတယ်ဆီးတယ် ဆိုတာတောင် တရုတ်ကိုသွားတာ တော်တော်များတယ်။ မနှစ်ကဆို တက်လာတယ်။ မနှစ်က တရုတ်ဘက်ကတော့ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းလောက်အထိ တင်ပို့ခဲ့တဲ့အတွက် တင်ပို့မှုစုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါတောင်ဖမ်းလို့ မဖမ်းရင် ဒီထက်ပိုနိုင်တယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ရာ နှစ် ၅၀ အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ၂ သန်းတင်ပို့ကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ  ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ခုနစ်သိန်းကျော်၊၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ကိုးသိန်းဝန်းကျင်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၃ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ဆန်တင်ပို့မှုဈေးကွက် အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံအထိ တင်ပို့နိုင်ခဲ့ပြီး ဈေးကွက်ကျယ် ပြန့်လာကြောင်းလည်း သိရပြီး အာဖရိကသို့ ဆန်တင်ပို့မှု လျော့ကျခဲ့ကြောင်း သိရသည်။
“ပိုတဲ့နိုင်ငံကအားလုံးပေါင်း ၆၄ နိုင်ငံ ရှိပါတယ်။ US ပါ ပို့နိုင်ခဲ့တာရှိတယ်။ US ကတော့ ပေါ်ဆန်းပို့တာ။ ၁၇ တန်လောက် ရှိတယ်။ အာဖရိကကတော့ ကျသွားတယ်။ ဥရောပဈေးကွက်ကတော့ တက်လာတယ်။ ဥရောပတက်လာတာက ကျွန်တော်တို့ကို GSP ပေးထားတဲ့ အတွက်ကြောင့်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ ဧည့်မထ ၂၅ မှတ်က ဈေးက FOB က ဒေါ်လာ ၃၂၀ လောက်ပဲရတယ်။ ပို့ဆောင်စရိတ်က ဈေးကြီးတဲ့အတွက် သုံးသိန်းခွဲပတ်ဝန်းကျင် လောက်ပဲရတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။

Most Read

Most Recent