မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရ Bank of Tokyo Mitsubishi UFJ က ဒေါ်လာ သန်း ၁၀၀ စတင် ရင်းနှီးမြှုပ်နှံမည်

မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရ Bank of Tokyo Mitsubishi UFJ က ဒေါ်လာ သန်း ၁၀၀ စတင် ရင်းနှီးမြှုပ်နှံမည်
Published 22 April 2015
ဇော်ဝေ

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ဂျပန်နိုင်ငံဘဏ် Bank of Tokyo Mitsubishi က ဒေါ်လာ သန်း ၁၀၀ စတင်ရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး ပြည်တွင်း မိတ်ဖက်ဘဏ်အဖြစ် CB ဘဏ်နှင့် တွဲဖက်လုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ Asia & Oceania CEO Mr. Go Watanabe က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။“ဗဟိုဘဏ်က သတ်မှတ်ထားက ကျွန်တော်တို့ ဘဏ်ခွဲစတင်ဖွင့်မယ်ဆိုရင် ဒေါ်လာ ၇၅ သန်း အနည်းဆုံး မ,တည်ရမယ်။ ဒါက များပြားတဲ့ ပမာဏပါ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဈေးကွက်ကို ယုံကြည်တဲ့အတွက် ပထမတစ်ကြိမ် အတွက်ကိုပဲ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငွေကြေးဈေးကွက်က ဖွံ့ဖြိုးမှု မရှိသေးတဲ့အတွက် ရေရှည်အတွက်ပဲ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်နှစ်အတွင်းမှာ Customer တွေဆီက ဘဏ်စာရင်း ၁၅၀ လောက်အထိ ဖွင့်လှစ်မယ်။ ဒေါ်လာ သန်း ၁၀၀ လောက် အပ်ငွေရရှိလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု Mr. Go Watanabe က ပြောကြားသည်။Bank of Tokyo Mitsubishi(BTMU) ၏ ရန်ကုန်ရုံးခွဲကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Union Financial Center တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်းတွင် လုပ်ငန်းကိုင်ခွင့်ပြုခဲ့သည့် ဘဏ်ကိုးခုတွင် ရုံးခွဲပထမဆုံး ဖွင့်လှစ်သည့် ဘဏ်ဖြစ်ကြောင်း သိရသည်။BTMU ၏ ဂျပန်နိုင်ငံ ရုံးချုပ်အနေဖြင့်လည်း လက်ကားဘဏ်လုပ်ငန်းဖြစ်သည့် စီးပွားရေးလုပ်ငန်းကြီးများကို ချေးငွေထုတ်ချေးခြင်း ပြုလုပ်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း လက်လီဘဏ်လုပ်ငန်း လုပ်ကိုင်မည် မဟုတ်ကြောင်း သိရသည်။ယင်းဘဏ်အနေဖြင့် ပြည်တွင်း မိတ်ဖက်ဘဏ်အဖြစ် CB ဘဏ်နှင့် တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ပြီးပြီး အသေးစား အလတ်စား လုပ်ငန်းများအတွက် ချေးငွေများကို CB ဘဏ်ကတစ်ဆင့် ထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။BTMU ဘဏ်သည် ၁၉၁၉ ခုနှစ် နှောင်းပိုင်းတွင် စတည်တည်ထောင်ခဲ့သည့် Mitsubishi UFJ Financial Gruop ၏ အဓိက လုပ်ငန်းဌာနခွဲ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၇၅ ခုရှိပြီး ဂျပန်နိုင်ငံတွင်လည်း ဘဏ်ခွဲပေါင်း ၇၇၀ ခန့်ဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် အခြားငွေကြေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။ BTMU ၏ မိခင်ကုမ္ပဏီ MUFG သည် ကမ္ဘာ့ထိပ်တန်း ငွေကြေးလုပ်ငန်းစုဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လအထိ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၅ ထရီလျံရှိကြောင်း သိရသည်။