ရန်ကုန်ကဲ့သို့ အခြေခံအဆောက်အအုံများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်ပေးလျှင် အိမ်ခြံမြေဈေးကွက် ပျံ့နှံ့ပြီး တည်ငြိမ်လာနိုင်ဟု ဆို

ရန်ကုန်ကဲ့သို့ အခြေခံအဆောက်အအုံများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်ပေးလျှင် အိမ်ခြံမြေဈေးကွက် ပျံ့နှံ့ပြီး တည်ငြိမ်လာနိုင်ဟု ဆို
Published 22 April 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ကဲ့သို့ အခြားနေရာ ဒေသများကို အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင် တည်ဆောက်ပေးလျင် အိမ်ခြံမြေဈေးကွက် ပျံ့နှံ့သွားနိုင်ပြီး ဈေးနှုန်းများ ပိုမိုတည်ငြိမ်လာနိုင်သည်ဟု အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက် House.com.mm မှ မန်နေးဂျင်းဒါရိုက်တာ ဂျန်ဆွမ်းမားဖဒ်က ပြောကြားသည်။နိုင်ငံစီးပွားရေး ပိုမိုဖွံ့ဖြိုးလာပြီး အိမ်ခြံမြေဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန် အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။“အခြေခံအဆောက်အအုံ ကောင်းမွန်မှုဟာ အိမ်ခြံမြေဈေးကွက် တိုးတက်ဖို့အတွက် အဓိက အကြောင်းအရာ တစ်ခုပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် နေရာဒေသက သိပ်ပြီး အကြောင်းမဟုတ်တော့ပါဘူး။ အခြေခံအဆောက်အအုံ ကောင်းမွန်နေတော့ ဘယ်နေရာမှာပဲနေနေ စီးပွားရေး အခွင့်အလမ်းအတွက် အဆင်ပြေနေတာပါပဲ” ဟု မစ္စတာ ဂျန်ဆွမ်းမားဖဒ်က ပြောကြားသည်။မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အကြောင်းဟု ဆိုကြရာတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေအကြောင်းကိုသာ အဓိက ရည်ညွှန်းကြပြီး အခြားဒေသများမှ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုမှာ နည်းပါးလျက်ရှိနေကြောင်း သိရသည်။စီးပွားရေးမြို့တော် ရန်ကုန်တွင် လူဦးရေငါးသန်းကျော် နေထိုင်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် အခြေခံအဆောက်အအုံ ပိုမိုဖွံ့ဖြိုးမှု ရှိနေသဖြင့် ဈေးကွက်တောင်းဆိုမှုကို အလွန်များပြားစေပြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်နေကြောင်း သိရသည်။လမ်းတံတား၊ ဆေးရုံ၊ ကျောင်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ပညာရေးစသည့် အခြေခံအဆောက်အအုံများသည် နိုင်ငံစီးပွားရေးကို အဓိက အထောက်အကူပြုသည့် အရာများဖြစ်ပြီး အခြေခံအဆောက်အအုံများ ကောင်းမွန်လျှင် ပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းများလည်း ပိုမိုကောင်းမွန်စေမည် ဖြစ်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ထိုသို့ အခြေခံအဆောက်အအုံ လိုအပ်ချက်များစွာ ရှိနေသဖြင့် ရန်ကုန်မြို့တွင် ဈေးကွက်တောင်းဆိုမှု များပြားနေရခြင်း ဖြစ်သည်။အခြေခံအဆောက်အအုံများ ကောင်းမွန်နေလျှင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ပြီး တည်ဆောက်နေစဉ် အတွင်း၌လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်စေနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် လိုအပ်နေသည့် အခြေခံအဆောက်အအုံများ တိုးချဲ့အဆင့်မြှင့်တင်မှုများကို ဦးစားပေးလုပ်ဆောင်ရန် အာရှဖွံ့ဖြိုးမှုဘဏ် ADB မှ ထုတ်ပြန်ခဲ့သည့် Asia Development Outlook 2015 တွင် ထည့်သွင်း အကြံပြုထားသည်။   

Most Read

Most Recent