သင်္ကြန်ရုံးပိတ်ရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေး မြင့်တက်ပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၀၈၀ ဖြစ်လာ

သင်္ကြန်ရုံးပိတ်ရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေး မြင့်တက်ပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၀၈၀ ဖြစ်လာ
Published 22 April 2015

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်အတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လျက်ရှိပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး ကျပ် ၁၀၇၅၊ ရောင်းဈေး ၁၀၈၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ပြင်ပငွေကြေးဈေးကွက်မှ သတင်းရရှိသည်။သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းသည် ဧပြီ ၁၀ ရက်က တစ်ဒေါ်လာလျှင် ၁၀၇၀ ကျပ်ဖြစ်ပြီး သိမ်ဖြူကောင်တာ ငွေလဲနှုန်းမှာ ဝယ်ဈေး ၁၀၇၃ ကျပ်၊ ရောင်းဈေး ၁၀၇၈ ကျပ် ဖြစ်သည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၀၇၅ ကျပ် ရောင်းဈေး ၁၀၇၉ ကျပ်ဖြစ်သည်။ပြင်ပငွေကြေးဈေးကွက် စတင်ဖွင့်ခဲ့သည့် ဧပြီ ၁၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဝယ်ဈေး ၁၀၇၀ ကျပ်၊ ရောင်းဈေး ၁၀၇၅ ကျပ်တွင် ရှိခဲ့ပြီး ဧပြီ ၁၉ ရက်တွင် ဝယ်ဈေး ၁၀၇၅ ကျပ်ဝန်းကျင်နှင့် ရောင်းဈေး ၁၀၈၀ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်းသည် မတ်လနောက်ဆုံးပတ်အတွင်း တစ်ဒေါ်လာလျှင် ၁၀၈၉ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး သင်္ကြန်မတိုင်မီ ဧပြီ ၁၀ ရက်တွင် တစ်ဒေါ်လာရောင်းဈေး တန်ဖိုးမှာ ၁၀၇၅ ကျပ်ဝန်းကျင်၌သာ ရှိခဲ့သည်။မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်မှာ ဧပြီ ၂၁ ရက် အထိဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် ဗဟိုဘဏ်မှ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်ကာ တရားဝင် ကောင်တာများလည်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် ဘဏ်များပိတ်ထားခဲ့မှုကြောင့် ငွေကြေးစီးဆင်းမှုများ နှောင့်နှေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent