ထင်းခွေသွားသည့်လူငယ်နှစ်ဦး မိုင်းထိဒဏ်ရာရပြီး နွားလေးကောင်ဒဏ်ရာရ

ထင်းခွေသွားသည့်လူငယ်နှစ်ဦး မိုင်းထိဒဏ်ရာရပြီး နွားလေးကောင်ဒဏ်ရာရ
Published 21 April 2015
ထွန်းလင်းအောင်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ ခုနစ်မိုင်ခန့်အကွာ လက်ပန်ပင်ကွင်းအတွင် ဧပြီ ၂၁ ရက် နံနက် ၈ နာရီခန့်အချိန်တွင် ထင်းခွေသွားသည့်လူငယ်နှစ်ဦး မိုင်းထိဒဏ်ရာရပြီး နွားလေးကောင်ဒဏ်ရာရှိသွားကြောင်း သိရသည်။ဒဏ်ရာရရှိသူများမှာ ဆားမှော်ကျေးရွာ အောင်သီရိရပ်ကွက် (၄) နေ မောင်ဝေရန် အသက် (၁၃) နှစ် သတ္တမတန်းကျောင်းသားသည် ဦးခေါင်းနှင့် ညာလက်တွင် မိုင်းစထိမှန်ခဲ့ပြီး ဆားမှော်ကျေးရွာ သီရိဇေယျာရပ်ကွက် (၃) နေ မောင်ကျော်ဌေး အသက် (၂၅ )နှစ် မှာ ညာဘက်ပေါင်အတွင်းပိုင်းတွင် ဒဏ်ရာရရှိပြီး လှည်းတွင်တပ်ထားသော နွားလေးကောင်အနက် သုံးကောင်မှာ မိုင်းကွဲသည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ဒဏ်ရာရှိသူမိဘများ၏ပြောပြချက် (မောင်ဝေရန်ဖခင် ဦးအိုက်စံ)အရ "ထင်းခွေအသွားကိုဖြစ်တာ။ လှည်းလမ်းပေါ်မှာထောင်ထားတာကိုး။ လှည်းကြိတ်ပြီးကွဲတာပဲ။ လှည်းကနှစ်စီးတန်းဆိုတော့ နှစ်ယောက်စလုံးမှန်တာ။ နွားသုံးကောင်ကတော့လဲနေတော့တာ။ နွားတွေလည်း ဘကြီးရဲ့နွားတွေပါ။ ငှားပြီးတိုက်ရတာ။ ကလေးကတော့ ဆားမှော်တိုက်နယ်ဆေးရုံကို နေ့လယ် ၁၁ နာရီလောက်ရောက်တယ်။ ဆရာဝန်က ဘယ်မှသွားစရာမလိုဘူးလို့ပြောတယ်။ ကျွန်တော်တို့ကတော့ ကေအိုင်အေထောင်တဲ့မိုင်းလို့ယူဆတယ်။ အစိုးရက ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီဆို အောက်မှာတော့ အရပ်သားပဲမိုင်းနင်းနေတယ်။ လွန်ခဲ့တဲ့ သင်္ကြန်မတိုင်ခင်က မိုင်းနင်းလို့ တစ်ယောက်သေပြီ ။ ဘာမှနစ်နာကြေးမရဘူး" ဟု ပြောကြားသည်။ယင်းကိစ္စနှင့်ပတ်သက်၍ မိုးကောင်းမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် စစ်ဆေးဆဲသာဖြစ်ပြီး မည်ကဲ့သို့ဆောင်ရွက်မည်ကို မသိရှိရသေးကြောင်း ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲက ပြောကြားသည်။လွန်ခဲ့သော မတ် ၁၀ ရက်ကလည်း  ဆားမှော်ကျေးရွာ အောင်သိရီရပ်ကွက်(၄)တွင်နေထိုင်သူ အသက် (၁၆) နှစ်အရွယ်လူငယ်တစ်ဦး အဖော်များနှင့် ငါးရှာသွားစဉ် မိုင်းနင်းပေါက်ကွဲပြီး သေဆုံးခဲ့သည်။ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း မိုင်းထိဒဏ်ရာရရှိသူ ဖားကန့်ဒေသတွင် အများဆုံးဖြစ်ပေါ်ခဲ့ပြီး အင်းတော်ကြီး၊ မံစီ၊ မိုးကောင်းဒေသများတွင်ဖြစ်ပွားခဲ့ သည်။ ၂၀၁၅ ခုနှစ်တွင် မိုင်းပေါက်ကွဲမှု (၂၂) ကြိမ်၊ လက်ပစ်ဗုံး (၂၄) ကြိမ်၊ ဒဏ်ရာရှိသူ ၂၃ ဦးထက်မနည်းရှိခဲ့ပြီး လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲစခန်းနှင့် ဒေသခံမှတ်တမ်းများအရ သိရသည်။ကချင်ပြည်နယ် အစိုးရရုံးမှတ်တမ်းများအရ ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားချိန်မှ ၂၀၁၄ ခုနှစ် နောက်ဆုံးအချိန်အထိ မိုင်းထိဒဏ်ရာရသူ ၂၃၁ ဦး သေဆုံး ၅၈ ဦးအထိရှိပြီး သေနတ်မှန်ဒဏ်ရာရ ၄၅ ဦး၊ သေဆုံးသူ ၃၆ ဦးရှိခဲ့သည်။           

Most Read

Most Recent