၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ရာ နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင်တင်ပို့နိုင်ခြင်းဖြစ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ရာ နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင်တင်ပို့နိုင်ခြင်းဖြစ်
Published 20 April 2015
နီလာ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ရာ နှစ် ၅၀ အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှရရှိသော သတင်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန် တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂ သန်း တင်ပို့ခဲ့ကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
“အရင်နှစ်တွေက မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့တာက ၁ ဒသမ ၂ သန်း ကျော်တင်ပို့ခဲ့တယ်။ ဒီနှစ်မှာတော့ ၁ ဒသမ ၈ သန်း တင်ပို့ခဲ့တယ်ဆိုတာ စံချိန်ချိုးတာပဲ။ နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင် တင်ပို့ခဲ့တာပါ။ ဒီအနေအထားကို ဆက်ပြီးထိန်းထားရမယ့် သဘောရှိတယ်။ ဒါပေမဲ့ အရမ်းကြီးမျှော်လင့် မထားတာက ကမ္ဘာ့ဆန်ဈေးကလည်း ကျနေတယ်။ အဲဒီတော့ ကိုယ့်ဈေးက ကမ္ဘာ့ဆန်ဈေးကို ကျော်တက်ဖို့တော့ မဖြစ်နိုင်ဘူး။ ရှေ့နှစ်တော့ အလားအလာ ကောင်းမယ်လို့ ခန့်မှန်းပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မြန်မာ့ဆန်က ဥရောပဈေးကွက်ကို ယှဉ်ပြိုင်ဖို့ဆိုရင် ထိုင်းတို့ ဗီယက်နမ်တို့ထက်စာရင် အများကြီးဈေး သက်သာပါတယ်။ ဒီလိုသက်သာတဲ့အတွက် Demand လည်း ပိုများပါတယ်။ ဒါကြောင့် အမျိုးသားပို့ကုန် မဟာဗျူဟာမှာ ဆန်က အလားအလာအရှိဆုံး ပို့ကုန်ဖြစ်နေပါတယ်။ ဒါကြောင့် သူ့ကို နံပါတ် (၁) ပေးထားတာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတွင် ဆန်တန်ချိန်စုစုပေါင်း ၁ ဒသမ ၃ သန်းကျော်၊ ဆန်ကွဲတန်ချိန် လေးသိန်းကျော် တင်ပို့ခဲ့ရာ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်တင်ပို့မှုမှတန်ဖိုး အမေရိကန်ဒေါ်လာ ၅၁၇ သန်းကျော်နှင့် ဆန်ကွဲ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၆ သန်းကျော်ဖြင့် စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၆၄၄ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတန် ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ခဲ့မှုအနက် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့မှုမှာ တန်ချိန် ၁၁ သိန်းကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။
 

Most Read

Most Recent